ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာသစ် ၁ဝ၂၂ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာသစ် ၁ဝ၂၂ ဦး ထပ်တိုး

နေပြည်တော် အောက်တိုဘာ  ၁၈

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိရာ (၁၇-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၈-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၄၅၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁ဝ၂၂ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၆ ဒသမ ၂၁ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၆၄၁၆၃၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၄၈၈၈၇၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၁၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၄၁၃၇၁ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။  ကိုဗစ်-၁၉  ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၉ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၃၈၈ ဦး ရှိသည်။