မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ  ၈ဝ အား ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပေး

မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ  ၈ဝ အား ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပေး

မန္တလေး  အောက်တိုဘာ  ၁၈

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေ ကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို  ယနေ့တွင်  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ်(၁၈၆/၂ဝ၂၁)ဖြင့် သတင်းထုတ်ပြန်ကြေညာခဲ့ရာ   မန္တလေးမြို့ရှိ    မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈ဝ ဦးလွတ်ငြိမ်း သက်သာခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် မန္တလေး ဗဟိုအကျဉ်းထောင် အတွင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ  ၄ဝ၁၊ ပုဒ်မခွဲ(၁)အရ  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခြင်း အစီအစဉ်ကို   ယနေ့ညနေပိုင်းတွင် ဆောက်ရွက်ခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက လွတ်ငြိမ်း သက်သာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ဆုံးမသြဝါဒစကားများ ပြောကြားသည်။

ထို့နောက်    လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းထောင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေး စစ်ဆေးပေးခြင်းကို စနစ်တကျ ဆောင်ရွက်ပေးကာ ခရီးစရိတ်ငွေများ ပေးအပ်၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

ယင်းသို့ လွတ်ငြိမ်း သက်သာခွင့်ပေးခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ဦးစီးမှူး ဦးချိုဝင်းထွန်းက ''မန္တလေး ဗဟိုအကျဉ်းထောင်မှာ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူ အားလုံးပေါင်း ၈ဝ ရှိပါတယ်။ အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး သုံးဦးဖြစ်ပါတယ်။   ဒီနေ့ မန္တလေးဗဟိုအကျဉ်းထောင်မှာ  လွတ်ငြိမ်း သက်သာခွင့်နဲ့ လွှတ်ပေးသလို အခြားတိုင်း ဒေသကြီးတွေမှာရှိတဲ့ ထောင်တွေမှာလည်း အကျုံးဝင်တဲ့သူတွေကို တစ်ပြိုင်တည်း လွှတ်နေပါပြီ။  လွတ်မြောက်တဲ့သူတွေ ကိုယ်စား ကျွန်တော်လည်း ဝမ်းသာမိပါတယ်''ဟု ပြောသည်။

လွတ်ငြိမ်းသက်သာခွင့်ဖြင့်  ပြန်လည်လွတ်မြောက်လာသည့် ဒေါ်ကြည်ကြည်ခိုင်က   ''ကျွန်မထောင်သုံးနှစ် ကျပါတယ်။ ထောင်ထဲမှာ လေးလနဲ့နှစ်ရက် နေခဲ့ရပါတယ်။ အခုလိုပြန်လွတ်တော့ မိသားစုနဲ့ ပြန်တွေ့ရတော့မှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ထင်တောင် ထင်မထားပါဘူး၊ အိပ်မက်မက်နေသလို ခံစားရပါတယ်။ အခုလိုလွှတ်ပေးတဲ့ အတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှ လွတ်ငြိမ်း သက်သာခွင့်ရသူပေါင်း ၁၇၁ ယောက်ရှိပြီး အမျိုးသား ၁၆၂ ယောက်နှင့်  အမျိုးသမီး ကိုးယောက် ဖြစ်ကြောင်း သိရှိရသည်။