ရီးယဲလ်မက်ဒရစ် အသင်းက လာမည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် လီဗာပူးအသင်းမှ ဆာလက်ချ်ကို ပြောင်းရွှေ့ကြေး အပြင် ဟာဇက်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေ

ရီးယဲလ်မက်ဒရစ် အသင်းက လာမည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် လီဗာပူးအသင်းမှ ဆာလက်ချ်ကို ပြောင်းရွှေ့ကြေး အပြင် ဟာဇက်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေ

ရီးယဲလ်မက်ဒရစ်အသင်းက  လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမား အပြောင်းအရွှေ့ ကြီးကြီးမားမား ပြုလုပ်ရန် ပြင်ဆင်နေပြီး  လက်ရှိတွင်  လီဗာပူးအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် ဆာလက်ချ်ကို  ပြောင်းရွှေ့ကြေးအပြင်  အသင်းမှ  တိုက်စစ်မှူး ဟာဇက်ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။

ဆာလက်ချ်နှင့် လီဗာပူးအသင်း၏ စာချုပ်သက်တမ်းမှာ ၂ဝ၂၃ ခုနှစ်တွင်  ကုန်ဆုံးမည်ဖြစ်သည့်အတွက် လီဗာပူးအသင်းက   သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်  ကမ်းလှမ်းမှုများ ပြုလုပ်ထားသော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေ၍ ကြန့်ကြာနေခြင်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းက  ပြီးခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း ကစားသမား ခေါ်ယူမှုကြီးကြီးမားမား မပြုလုပ်ခဲ့သော်လည်း လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင်   ထိပ်တန်းကစားသမား ခေါ်ယူမှုများ ပြုလုပ်ရန်ပြင်ဆင်နေကာ   ပီအက်စ်ဂျီ အသင်းမှ အမ်ဘတ်ပီအပြင် ဆာလက်ချ်ကိုပါ ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အမ်ဘတ်ပီ၊ ဘင်ဇီမာ၊ ဆာလက်ချ်တို့ တွဲဖက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဟာဇက်သည်လည်း    ၂ဝ၁၉ ခုနှစ် ဇူလိုင်လက ချယ်လ်ဆီးအသင်းမှ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာများဖြင့်သာ ရုန်းကန်နေရကာ ရီးယဲလ်မက်ဒရစ် အသင်း၌ သုံးနှစ်ကစားခဲ့ရာ ၅၁ ပွဲသာ ပါဝင်ပြီး ငါးဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက်  ၎င်းကို    လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ရီးယဲလ်မက်ဒရစ် အသင်းက အစောပိုင်းက ဟာဇက်ကို အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ  ပြန်လည်ရောင်းချရန် ပြင်ဆင်နေသော်လည်း ယခုအခါ ဆာလက်ချ်ကို ခေါ်ယူလိုသည့်အတွက် ပြောင်းရွှေ့ကြေး  တစ်စိတ်တစ်ပိုင်းအဖြစ်  အသုံးပြုရန် ပြင်ဆင်လာကြောင်း သိရသည်။