၂ဝ၂၂ အမျိုးသမီး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်  အမျိုးသမီး အသင်းက ဘာရိန်းအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိ

၂ဝ၂၂ အမျိုးသမီး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်  အမျိုးသမီး အသင်းက ဘာရိန်းအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိ

ရန်ကုန်  အောက်တိုဘာ  ၁၈

၂ဝ၂၂ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(D)အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်   ဘာရိန်းလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ     မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက   ၄ ဂိုး ဂိုးမရှိဖြင့်     ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဘာရိန်းလက်ရွေးစင် အမျိုးသမီးအသင်းကို ခြေစွမ်းပိုင်း အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ရာ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ ကန်သွင်းပြီး    မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းက  ၁ ဂိုး ဂိုးမရှိဖြင့်  ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ခြေစွမ်းပိုင်း အသာစီးဖြင့် ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၆၄ မိနစ်တွင် လူစားဝင် ကစားသမား မြတ်နိုးခင်က ဒုတိယ ဦးဆောင်ဂိုးကို လည်းကောင်း၊ ပွဲချိန် ၈၆ မိနစ်တွင် လူငယ်ကစားသမား စန်းသော်သော်က တတိယဦးဆောင်ဂိုးကို လည်းကောင်း၊ ဒုတိယပိုင်း ပွဲချိန်ပြီးဆုံးခဲ့ပြီး  နာကျင်အချိန်ပို ၃ မိနစ်တွင် လူစားဝင် ကစားသမား ဂျူလိုင်ကျော်က စတုတ္ထဦးဆောင်ဂိုးကို လည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့ပြီး   ဘာရိန်း လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ တိုက်စစ်ဆင်မှုများကိုသာ    ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး  ပွဲပြီးဆုံးချိန်တွင်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဘာရိန်း လက်ရွေးစင် အမျိုးသမီးအသင်းကို လေးဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အုပ်စုလက်ကျန် ပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၁ ရက်တွင် ဂူအန်အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးအသင်းနှင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။