ဆံတော်ရှင် ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

ဆံတော်ရှင် ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်တမော့စေတီ တော်ဂေါပက အဖွဲ့မှ သိရသည်။

ထိုသို့ကျင်းပရာ၌ အောက်တိုဘာ ၂၆ ရက်တွင် ဆွမ်းကြီးလောင်းလှူပွဲ၊ အောက်တိုဘာ ၂၇ ရက်တွင်  ဒေသစာရီဘုရား လှည့်လည်အပူဇော်ခံပွဲနှင့်   ဆံတော်ရှင် ကျိုက်တမော့စေတီတော်  ဘုရားပွဲကို  အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ဆံတော်ရှင် ကျိုက်တမော့စေတီတော်သို့ လာရောက်ဖူးမြော်လိုသော ဘုရားဖူး ပြည်သူများအနေဖြင့် ခြေကျင်တက်ရောက်နိုင်သည့်အပြင် တောင်တက်ကားများဖြင့် လည်း တက်ရောက်နိုင်ပြီး ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်မပြုကြောင်း၊ ယခုနှစ်တွင်  စတုဒိသာ ကျွေးမွေးရေး  အစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့်   ပွဲလမ်းသဘင်များ ထည့်သွင်း ကျင်းပမည်မဟုတ်ဘဲ  အကျဉ်းရုံးသာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးပြည်သူများ လာရောက်ပါက ကိုဗစ်-၁၉   ရောဂါစည်းကမ်းများ အတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရန်၊  လက်ကို ဆပ်ပြာဖြင့်မကြာခဏဆေးကြောရန်၊    တစ်ဦးနှင့်တစ်ဦး ၆  ပေခန့်ခွာပြီး   ဖူးမြော်ကြည်ညိုကြရန် အဆိုပါ ဘုရားဂေါပကအဖွဲ့က   အသိပေး နှိုးဆော်ထားကြောင်း သိရသည်။