အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် သြဂုတ် ၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရုံးသစ် အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင်  နေပြည်တော်ရှိ အဆိုပါရုံး၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အဂတိ လိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး  ကော်မရှင်ရုံး ကမ္ပည်းမော်ကွန်း ကြေးပြားဆိုင်းဘုတ်ကို အမွှေးနံ့ သာရည် ပက်ဖျန်းပေးသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကမ္ပည်းမော်ကွန်း ကြေးပြား ဆိုင်းဘုတ်ကို  အမွှေး နံ့သာရည်ပက်ဖျန်းပေးကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ရုံးသစ် အဆောက်အအုံဖွင့်ပွဲ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မိမိ  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ်  တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်နဲ့နိုင်ငံသားများ အကျိုးကိုရှေးရှုပြီး အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ကော်မရှင်က ပေးပို့လာတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ဒီဥပဒေမှာ အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ ကော်မရှင်အား လုပ်ပိုင် ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် အပ်နှင်းထားပြီး လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့်ပေးကြောင်း၊  အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးယူနိုင်တဲ့ အဖွဲ့အစည်းအဖြစ်လည်း ခွင့်ပြုထားကြောင်း။

ဒါ့အပြင် မိမိအနေနဲ့  ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့စဉ်က အဂတိ လိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါ လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း။

နိုင်ငံတော်သမ္မတအနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအား တွေ့ဆုံခဲ့စဉ် ကလည်း အဂတိ လိုက်စားမှုကို ပိုမို တိုက်ဖျက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မရှင် အဖွဲ့ခွဲများ ထားရှိရန်၊ ကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် စတဲ့ ရှင်းလင်းတိကျတဲ့ မူဝါဒများကိုလမ်းညွှန်ခဲ့ကြောင်း။ ကော်မရှင်အနေနဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကိုယ်ရောစိတ်ပါ ကြိုးစား အကောင် အထည်ဖော်နေတဲ့အတွက် အသိအမှတ်ပြုကြောင်းပြောကြားလိုကြောင်း။  

နောင်အစိုးရအဆက်ဆက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မပျက်စေရန် အတွက် အမျိုးသား အဆင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲနိုင်ရန် ကော်မရှင်ရကြကြိုးပမ်းအားထုတ်မှု များကိုလည်း အားပေးပါတယ်။ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း အဂတိလိုက်စားမှုကို တားဆီး ကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် တရားစွဲဆိုအရေးယူခြင်းတို့ဖြင့် ဆောင်ရွက်နေခြင်းမှာ ခေတ်စနစ် နှင့်အညီ  ပြုပြင် ပြောင်းလဲနိုင်ရေး အတွက်ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဒါ့ကြောင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတို့ကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက် ရာတွင် အစိုးရဝန်ကြီးဌာနများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ အပါအဝင် ပြည်သူ လူထုတစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူး ပေါင်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိ လိုက်စားမှု တိုက်ဖျက် ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ နိုင်ငံတော် တစ်ဝန်းလုံးရှိ အခြေခံပညာ အထက်တန်းကျောင်း များနှင့် တက္ကသိုလ်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး ရည်ညွှန်း စာစောင်များ လွှဲပြောင်း ပေးအပ်သည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည် တော် ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် စုပေါင်း၍  မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

/////////////////////////