ဂျပန်နိုင်ငံရှိ အာဆို မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရှောင်ရှားရန် အာဏာပိုင်အဖွဲ့ တိုက်တွန်း

ဂျပန်နိုင်ငံရှိ အာဆို မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရှောင်ရှားရန် အာဏာပိုင်အဖွဲ့ တိုက်တွန်း

ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်ရှိ အာဆိုမီးတောင်သည် အောက်တိုဘာ၂ဝရက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ  မီးတောင်ပြာမှုန့်များကို မြေပြင်မှအမြင့် ၃ ဒသမ ၅ ကီလို မီတာ(၂ ဒသမ၂ မိုင်)အထိ  မှုတ်ထုတ်ခဲ့သောကြောင့် အာဏာပိုင်များက ဒေသခံများအား ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် တိုက်တွန်းခဲ့ရကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုသည် တိုကျိုစံတော်ချိန် နံနက်၁၁နာရီ၄၃မိနစ် အချိန်ခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်ပူများနှင့် ကျောက်တုံးများ ကျဆင်းလာမည့် အန္တရာယ်ရှိသောကြောင့် အာဏာပိုင်များက ဒေသခံများကို ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီကပြောသည်။

သို့ရာတွင် အာဆို မီးတောင်ပေါက်ကွဲမှုကြောင့် လက်ရှိအချိန်၌ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

သို့သော်မီးတောင် ပေါက်ကွဲမှုကြောင့် မိုးလေဝသအေဂျင်စီက   သတိပေးချက် အဆင့်ကို သုံးအထိ မြှင့်တင်ခဲ့ရသည့်အပြင် မီးတောင်အနီးသို့  သွားရောက်ခြင်း မပြုရန် ဒေသခံများအား   တိုက်တွန်းထားသည်။

ယခုအခါအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မီးတောင်ပေါက်ကွဲချိန်၌  အဆိုပါ မီးတောင်သို့ တက်ရောက်သွားသည့် လူအရေအတွက်ကို  စစ်ဆေးလျက ်ရှိကြောင်း အစိုးရအဖွဲ့အတွင်းဝန် ဟီရိုကာဇူမက်ဆူနိုက သတင်းထောက်များကို ပြောကြားထား ကြောင်း သိရသည်။

အာဆိုမီးတောင်သည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်ကလည်း   အသေးစား ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ အလားတူ ၂ဝ၁၇  ခုနှစ်အတွင်းက ဖြစ်ပွားသည့် အွန်တာကီ မီးတောင်ပေါက်ကွဲမှုတွင်  လူ  ၆၃ ဦး သေဆုံးပြီး နိုင်ငံအတွင်း လူအသေအပျောက် အများဆုံးဖြစ်ပွားသည့် မီးတောင်ပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။