ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု

ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု

မြောက်ကိုရီးယားနိုင်ငံသည်   ပဲ့ထိန်းဒုံးကျည်တစ်စင်းကို    ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း  နိုင်ငံပိုင်မီဒီယာ ကအောက်တိုဘာ၂ဝ ရက်တွင် အတည်ပြုထုတ်ပြန်သည်။  မြောက်ကိုရီးယား မီဒီယာ၏ အဆိုပါထုတ်ပြန်ချက်သည်   မြောက်ကိုရီးယား အနေဖြင့်  လက်နက်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့်  ဂျပန်တို့က   ထုတ်ဖော်ပြောဆိုပြီး နောက်တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ရာတွင် မြောက်ကိုရီးယား အစိုးရသည် ရေငုပ်သင်္ဘော အခြေပြု ဒုံးကျည်တစ်စင်းကို    ပစ်ခတ်စမ်းသပ်ခဲ့သည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ကပြောထားသည်။   မြောက်ကိုရီးယားနိုင်ငံသည်  အဆိုပါဒုံးကျည် စမ်းသပ်မှုကို နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေတွင် လုပ်ဆောင်ခြင်းဖြစ်သည်။    ဒုံးကျည်စမ်းသပ်မှုနှင့်စပ်လျဉ်း၍  မြောက်ကိုရီးယားအနေဖြင့် ရန်စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန်  အမေရိကန်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့်    မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း  ၎င်းက   ဆက်လက်ပြော သည်။

တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရနှင့် ဆွေးနွေးပွဲများသို့ ပြန်လည်စတင်ရန်အတွက်  ယင်းနိုင်ငံအပေါ်သို့ ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန်အမေရိကန် အစိုးရအား တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချန်အွီယုံက တောင်းဆိုထားကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်အား တိုးမြှင့်ဖော်ဆောင်နေခြင်းကို ရပ်တန့်ရန်အတွက်   အလျင်အမြန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် သက်တမ်းရင့်နေပြီဖြစ်သည့်  ရေငုပ်သင်္ဘော အများအပြားကို     ပိုင်ဆိုင်ထားသော်လည်း လက်တွေ့ပစ်ခတ် အသုံးပြုနိုင်သည့် ဒုံးကျည်တပ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် ဒုံးကျည်သည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို    ပိုမို မြင့်တက်စေသည့်အပြင် မြောက်ကိုရီးယား ရေတပ်၏ရေအောက် စစ်ဆင်ရေးကိုပါ တိုးတက်လာစေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်  KCNA သတင်းဌာနက ထုတ်ပြန် ထားကြောင်း သိရသည်။