အရှေ့အလယ်ပိုင်းမှ ခြိမ်းခြောက်မှုကို အနီးကပ်စောင့်ကြည့်၍ အာဖရိကအထိ လွှမ်းမိုးမှုချဲ့ထွင်ရန် လုပ်ဆောင်လာသည့် အမေရိကန်၏ ဆောင်ရွက်ချက်ကို လေ့လာခြင်း

အရှေ့အလယ်ပိုင်းမှ ခြိမ်းခြောက်မှုကို အနီးကပ်စောင့်ကြည့်၍ အာဖရိကအထိ လွှမ်းမိုးမှုချဲ့ထွင်ရန် လုပ်ဆောင်လာသည့် အမေရိကန်၏ ဆောင်ရွက်ချက်ကို လေ့လာခြင်း

တူရကီနှင့် ဂရိနိုင်ငံတို့ကြား ပိုင်နက် အငြင်းပွားမှုကြောင့် တင်းမာနေစဉ် အမေရိကန်အစိုးရသည် ဂရိအစိုးရနှင့် ကာကွယ်ရေး သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။    

အမေရိကန်-ဂရိ ကာကွယ်ရေးသဘောတူညီချက်အရ အမေရိကန် စစ်ဘက်အနေဖြင့် ဂရိနိုင်ငံအတွင်း အခြေစိုက်စခန်းများ ဖွင့်လှစ်ခွင့်ရရှိမည့်အပြင် လေ့ကျင့်သင်ကြားမှု၊ စစ်ဆင်မှုတို့ကိုပါ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အဆိုပါကာကွယ်ရေး သဘောတူညီချက်သည် ရုရှားနိုင်ငံမှ ဒုံးကျည်ကာကွယ်ရေးစနစ် ထပ်မံဝယ်ယူရန်  တူရကီအစိုးရက စီစဉ်မှုကြောင့်အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေစဉ်   ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူပင် ဂရိနိုင်ငံဘက်က ကြည့်မည်ဆိုပါကလည်း    အမေရိကန်နှင့်  ကာကွယ်ရေး သဘောတူညီချက် လက်မှတ် ရေးထိုးထားခြင်းသည်   နိုင်ငံလုံခြုံရေး အတွက်  ပိုမိုစိတ်ချရစေသည်ဟု   ဂရိအစိုးရက ယူဆနေသည်။

ထို့ပြင် ဂရိနိုင်ငံသည် တူရကီနှင့် ရေကြောင်း ပိုင်နက်၊ ဝေဟင်ပိုင်နက်များနှင့် စပ်လျဉ်း၍  အငြင်းပွားလျက် ရှိနေသောကြောင့် အမေရိကန်နှင့် ကာကွယ်ရေးအရ ဆက်ဆံမှုကို   တိုးမြှင့်ထားနိုင်ခြင်းသည်   နိုင်ငံအား အသာစီး ရရှိစေမည်ဟုလည်း ဆိုနိုင်သည်။

အမေရိကန်-ဂရိကာကွယ်ရေး သဘောတူညီချက်တွင် အမှန်တကယ် အမြတ်ထွက်သူမှာ အမေရိကန်ဖြစ်သည်။ အကြောင်းမှာ ဂရိနိုင်ငံအတွင်း   အခြေစိုက်စခန်းများ ဆက်လက်ဖွင့်လှစ် ထားနိုင်ပြီး တပ်ဖွဲ့ဝင်များကိုဖြန့်ကြက်ထားနိုင်မည့် အခွင့်အရေးသည် အမေရိကန်အတွက်  အခွင့်အလမ်းကောင်း တစ်ခုဖြစ်သောကြောင့်ပင်။အဆိုပါ အခွင့်အလမ်းကို အသုံးချနိုင်မည်ဆိုပါက အမေရိကန်အနေဖြင့် ဆက်ဆံရေး တင်းမာနေသည့်  တူရကီနိုင်ငံအား  ဖိအားပေးနိုင်သည့်အပြင်  မြေထဲပင်လယ် အရှေ့ပိုင်းကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

အလားတူပင် ဂရိနှင့်လက်မှတ် ရေးခဲ့သည့် အမေရိကန်၏ ကာကွယ်ရေး သဘောတူညီချက်သည် တူရကီ-ရုရှား ပူးပေါင်း ဆောင်ရွက်မှုအတွက် မျှော်မှန်းမထားသည့်  ပြောင်းပြန်ရလဒ်ကို   ထွက်ပေါ်လာစေ နိုင်သည်။ ထို့ပြင်  အရှေ့အလယ်ပိုင်းမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို အနီးကပ် စောင့်ကြည့်ရန်အတွက် လိုအပ်မည့် မဟာဗျူဟာမြောက် တည်နေရာကိုပါ  အမေရိကန်က ပိုင်ဆိုင်လာမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ဂရိနိုင်ငံသည် ပါရှန်းပင်လယ် အနီးတွင် တည်ရှိပြီး  အရှေ့အလယ်ပိုင်းဒေသ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေသောကြောင့်  အရှေ့အလယ်ပိုင်းတွင်  အင်အားအသုံးပြုရသည့်   အခြေအနေတစ်ရပ် သို့မဟုတ် တင်းမာမှုတစ်ရပ် ထွက်ပေါ်လာမည်ဆိုပါက  အလွယ်တကူ သွားရောက်စစ်ဆင်နိုင်သည့်အပြင် နိုင်ငံအတွက် လိုအပ်သည့်   ရေနံနှင့်လောင်စာ အတွက်လည်း အာမခံချက်ရရှိစေမည်ဖြစ်သည်။ 

ထို့ပြင်  ဂရိအစိုးရနှင့် ယခုလက်မှတ်ရေးထိုးခဲ့သည့်   သဘောတူညီချက်တွင် အမေရိကန်အနေဖြင့်  အမြဲတမ်း အခြေစိုက် စခန်းဖွင့်လှစ်ခွင့်နှင့်  ဂရိနိုင်ငံ တစ်ဝန်းလုံးတွင်လည်း စစ်အခြေစိုက် စခန်းများ  ဖွင့်လှစ်ခွင့် ရရှိထားပြီးဖြစ်ရာ အမေရိကန်အနေဖြင့်လာမည့် အနာဂတ်ကာလတွင် အရှေ့အလယ်ပိုင်း ဒေသကိုသာမက အာဖရိကသို့ပင် ခြေလှမ်းတိုးချဲ့လာမည့် အလားအလာ ရှိနေသည်ကိုတွေ့ရသည်။

အမေရိကန်-ဂရိကာကွယ်ရေး သဘောတူညီချက်သည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ အရှက်တကွဲ၊ အကျိုးနည်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရမှု၊ အီရတ်နှင့် ဆီးရီးယားတို့တွင် လျှော့ချလာသည့် အမေရိကန်၏ လွှမ်းမိုးမှုတို့ကို ပြန်လည်အဖတ်ဆယ်ရန် လုပ်ဆောင်သည့် သမ္မတ ဂျိုးဘိုင်ဒင်၏ ကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်သည်ဟုဆိုနိုင်သည်။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန်-ဂရိ သဘောတူညီချက်သည်  ရုရှားနှင့် ဆက်ဆံရေး တိုးမြှင့်လာသည့်   တူရကီ အပေါ်ဖိအားပေးသည့်  လုပ်ဆောင်ချက်တစ်ရပ် အဖြစ်ထွက်ပေါ်လာပြီး   ကမ္ဘာ့အလယ်တွင် အမေရိကန်စစ်ဘက်၏  စစ်ရေးအရ အရှက်ကွဲခဲ့ရမှုကို အဖတ်ဆယ်နိုင်ရေး ကြိုးပမ်းချက်တစ်ရပ် အဖြစ်သာမကအာဖရိကသို့ပါ လွှမ်းမိုးမှုချဲ့ထွင်ရေးအတွက်  လုပ်ဆောင်လာသည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။