အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အသင်း မဲအိုးနံပါတ်(၂)၌ ကျရောက်နေ

အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အသင်း မဲအိုးနံပါတ်(၂)၌ ကျရောက်နေ

အာရှဖလားပြိုင်ပွဲ  တတိယအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲရန် အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းအနေဖြင့် မဲအိုးနံပါတ်(၂)၌  ကျရောက်လျက် ရှိကြောင်း  သိရသည်။

အာရှဖလားပြိုင်ပွဲခြေစစ်ပွဲ    ဒုတိယအဆင့် ပွဲစဉ်များကို ယခုနှစ် နှစ်လယ်ပိုင်းက ကျင်းပပြီးစီးခဲ့ရာ  မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အုပ်စုအောက်ဆုံးတွင်သာ ရပ်တည်နိုင်ခဲ့သော်လည်း  အာရှဘောလုံး အဖွဲ့ချုပ်၏ ခြေစစ်ပွဲပုံစံ ပြောင်းလဲ ကျင်းပသည့်စနစ်သစ်အရ တတိယအဆင့် ခြေစစ်ပွဲကို  တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အာရှဖလားပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲရန် အာရှဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်တွင်  မဲအိုးနံပါတ်(၁)၌ အာရှထိပ်သီး အသင်းများဖြစ်သည့် ဥဇဘတ်ကစ္စတန်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ဘာရိန်း၊  ပါလက်စတိုင်းနှင့်   အိန္ဒိယအသင်း၊ မဲအိုးနံပါတ်(၂)၌ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ တာမင်နစ္စတန်နှင့် မြန်မာအသင်း၊ မဲအိုးနံပါတ်(၃)၌ ဟောင်ကောင်၊ ယီမင်၊ အာဖဂန်နစ္စတန်၊ မလေးရှား၊ မော်လ်ဒိုက်နှင့်  စင်ကာပူအသင်း၊ မဲအိုးနံပါတ်(၄)၌ နီပေါလ်၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊   သီရိလင်္ကာ၊   အင်ဒိုနီးရှားနှင့်   ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ခဲ့ကြသည်။

၂ဝ၂၃ အာရှဖလားပြိုင်ပွဲကို  လက်ရှိတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည့် တရုတ်အသင်းနှင့်အတူ  ဒုတိယအဆင့် ခြေစစ်ပွဲအဆင့်မှ  ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ သြစတြေးလျ၊  အီရန်၊ ဆီးရီးယား၊ လက်ဘနွန်၊ အိုမန်၊ ဗီယက်နမ်၊ ယူအေအီး၊ အီရတ်နှင့် ဆော်ဒီအာရေဗျ အသင်းတို့က တတိယအဆင့် ကစားရမည်မဟုတ်ဘဲ   တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားရာ  စုစုပေါင်း ၁၃ သင်းက ခြေစစ်ပွဲအောင်မြင်ထားပြီး တတိယအဆင့်မှ ခြေစစ်ပွဲအောင် ၁၁ သင်းနှင့် စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

အာရှဖလားပြိုင်ပွဲ  တတိယအဆင့်ခြေစစ်ပွဲအဆင့်တွင်  လေးသင်းပါခြောက အုပ်စုခွဲကာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ကျင်းပမည်ဖြစ်ပြီး  အုပ်စုမဲခွဲပွဲ အခမ်းအနားကို      လာမည့်နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင်  ကျင်းပမည် ဖြစ်ကြောင်း သိရသည်။