ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်ငါးသယ်လှေများဖမ်းဆီးရမိ

တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၁ ရက် ည ၇ နာရီ၁၅ မိနစ်ခန့်တွင် အရှေ့ စူဠာကျွန်း၏အရှေ့ဘက် ရေမိုင် ၁၁ မိုင်ခန့်အကွာနှင့်ပတ်ဝန်းကျင်နေရာတစ်ဝိုက်၌ အလျား ၇၆ ပေ ၉လက်မ၊ အနံ ၁၃ ပေ ၁၀ လက်မ၊ ရေစူး၄ ပေ ၁၁ လက်မခန့်ရှိ စည်းပျက် ငါးသယ် လှေတစ်စင်းပေါ်မှ ဦးမြင့်ကို (ဘ)ဦးမောင်ဆန်းအပါအဝင် အမျိုးသားရှစ်ဦးကိုလည်းကောင်း၊ အလျား ၆၁ ပေ ၁ လက်မ၊ အနံ၁၃ ပေ၊ ရေစူး ၆ ပေ ခန့်ရှိ တရားမဝင် ငါးသယ်လှေ တစ်စင်း ပေါ်မှ စိုးထိုက်ဦး (ဘ)ဦးစိုးလှ အပါအဝင် အမျိုးသားခုနစ်ဦးကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ငါးသယ်လှေများနှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့ ငါးလုပ်ငန်းဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။