အီရန်က နိုင်ငံတစ်ဝန်းလုံးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်

အီရန်က နိုင်ငံတစ်ဝန်းလုံးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုကြီး ပြုလုပ်

အီရန်လေတပ်တပ်ဖွဲ့သည်  အောက်တိုဘာ ၂၁ ရက်တွင် နိုင်ငံတစ်ဝန်းလုံး၌ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်  IRIB    ရုပ်မြင်သံကြားသတင်းဌာနက ထုတ်ပြန်လိုက်သည်။ 

အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် အီရန်စစ်တပ်မှ လေတပ်အခြေစိုက်စခန်းများ အားလုံးပါဝင်ကြောင်း  အီရန်လေတပ် အကြီးအကဲ ဗိုလ်မှူးချုပ် ဟာမစ်ဗာဟီဒီက မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါစစ်ရေး လေ့ကျင့်ခန်း၏အဓိက အပိုင်းကို နိုင်ငံ၏ အလယ်ပိုင်းမြို့ဖြစ်သော အစ်ဖဟန်မြို့၊ တောင်ပိုင်းမှ ဘူရှာဟာ၊ အရှေ့တောင်ပိုင်းမြို့ဖြစ်သော  ဘန်ဒါအာဘေ့၊ အနောက်တောင်ပိုင်းရှိ ဇက်ဖူးနှင့် အနောက်မြောက်ပိုင်းရှိ  တာဘရီဇက်မြို့တို့မှ လေတပ်အခြေစိုက်စခန်းတို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တီဟီရန်အနီးရှိ လေတပ်ဗဟိုဌာနချုပ်သည်  ပစ်မှတ်များကို ဆုံးဖြတ်တွက်ချက်ပြီး တိုက်ခိုက်ရေး လေယာဉ်များ၏ လေကြောင်းမှူးများနှင့် တိုက်ရိုက်ဆက်သွယ်၍ လုပ်ဆောင်ကြောင်း ဟာမစ်ဗာဟီဒီက ဆက်လက် ပြောဆိုသည်။ အဆိုပါစစ်ရေး လေ့ကျင့်မှုတွင်  အီရန်နိုင်ငံထုတ် အကြီးစားနှင့် အလယ်အလတ်တန်းစား စမတ်ဗုံးများကို အသုံးပြုခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှုတွင်လည်း  လေဆာရောင်ခြည်၊ အပူချိန်သုံး ကင်မရာနှင့် ရေဒါများကို အသုံးပြုခဲ့ကြောင်း သိရသည်။