ပြင်သစ်နိုင်ငံ၌ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်ပေါင်း ၂၅ဝဝဝဝ လျှပ်စစ်မီး ပြတ်တောက်

ပြင်သစ်နိုင်ငံ၌ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်ပေါင်း ၂၅ဝဝဝဝ လျှပ်စစ်မီး ပြတ်တောက်

ပြင်သစ်နိုင်ငံ  မြောက်ပိုင်းဒေသ၌ အောက်တိုဘာ ၂ဝ ရက်မှ ၂၁ ရက် နံနက် ပိုင်းအထိ မုန်တိုင်းတိုက်ခတ်မှုကြောင့်  အပျက်အစီးများစွာ ဖြစ်ပွားပြီး လူနေအိမ်ပေါင်း ၂၅ဝဝဝဝ တွင် လျှပ်စစ်မီး ပျက်တောက်သွားကြောင်း  ပြင်သစ်လျှပ်စစ် ဖြန့်ဖြူးရေးစနစ်ဖြစ်သည့်  အင်ဒစ်က အောက်တိုဘာ၂၁ ရက်တွင် ထုတ်ပြန်သည်။

အူရိုရီမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘရစ်တန်နီဒေသ၊ နော်မန်ဒီဒေသနှင့် ပဲရစ် ဒေသတို့အပါအဝင် အဆိုပါဒေသများစွာ၌ မုန်တိုင်းဒဏ်ကို  အပြင်းထန်ဆုံး ခံစားရကြောင်း  France Bleu က ရေဒီယိုသတင်းဌာန၏ ထုတ်လွှင့်ချက်အရ သိရသည်။

နော်မန်ဒီဒေသ၌ မီးရထားလမ်းပေါ်သို့ သစ်ပင်များ ပြိုလဲကျခြင်းကြောင့် မီးရထား ပြေးဆွဲမှု အားလုံး ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ အလားတူ နိုင်ငံ၏ အရှေ့ပိုင်းဒေသ၌လည်း နံနက် ၉ နာရီမှစပြီး မီးရထားလိုင်းများ ရပ်နားထားလိုက်ရသည်။ ထို့ပြင် ပဲရစ်ဒေသရှိ အမြန်ရထားလမ်း ကွန်ရက်လည်း ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။

ပြင်သစ်မိုးလေဝသ ဌာနသည် နိုင်ငံတစ်ဝန်းလုံးကို ထုတ်ပြန်ထားသည့် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို  ဖယ်ရှားလိုက်သော်လည်း နိုင်ငံအရှေ့ပိုင်းရှိ ဒေသ ၁၅ ခုကို ယခုအချိန်ထိ အဝါရောင် သတိပေးချက် ထုတ်ပြန်ထားလျက် ရှိကြောင်း သိရသည်။