ဝက်၏ ကျောက်ကပ်ကို လူသားများတွင် အစားထိုးနိုင်တော့မည်

ဝက်၏ ကျောက်ကပ်ကို လူသားများတွင် အစားထိုးနိုင်တော့မည်

အမေရိကန်ခွဲစိတ်ကု ဆရာဝန်များသည် ဝက်တစ်ကောင်၏ ကျောက်ကပ်ကို လူသားတစ်ဦး၌    အောင်မြင်စွာ အစားထိုး၍ စမ်းသပ်လိုက်နိုင်ပြီ ဖြစ်သောကြောင့် အဆိုပါ ဆရာဝန်များ၏  ကုသမှုသည် ဆေးပညာတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ပြီဖြစ်သည်။    ဆရာဝန်များသည် တိရစ္ဆာန်တစ်ကောင်မှ အစိတ်အပိုင်းတစ်ခုကို လူသားတစ်ဦးထံ အစားထိုးကုသနိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်း များစွာကြာ ကြိုးပမ်းပြီးနောက် ဝက်တစ်ကောင်၏ ကျောက်ကပ်အား   လူသားတစ်ဦးတွင် အောင်မြင်စွာဖြင့် အစားထိုး၍ စမ်းသပ်နိုင်ခြင်းလည်းဖြစ်သည်။

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ လန်းဂွန်းကုသရေး ဆေးရုံမှ ခွဲစိတ်ကု ဆရာဝန်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။     အဆိုပါအောင်မြင်မှုသည် ကျောက်ကပ်ရောဂါ ခံစားနေရသည့် လူနာများအတွက် အစားထိုးကုသရန် လိုအပ်သည့် ကျောက်ကပ်ရှားပါးမှုကို ဖြေလျှော့ပေးနိုင်မည့် အလားအလာကို ထွက်ပေါ်လာစေခဲ့သည်။

ခွဲစိတ်ကု ဆရာဝန်များသည် ကျောက်ကပ်အစားထိုး ကုသမှုကို ယခုနှစ် စက်တင်ဘာ၂၅ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ စမ်းသပ်ကုသမှု၌  မျိုးရိုးဗီဇ ပြောင်းလဲထားသည့် ဝက်တစ်ကောင်နှင့် ဦးနှောက် အလုပ်မလုပ်တော့သည့် လူနာတစ်ဦးတို့ ပါဝင်သည်။ ဦးနှောက်အလုပ်မလုပ်တော့သည့်   အဆိုပါ အမျိုးသမီးလူနာ၏ ဆွေမျိုးသားချင်းများသည် အစားထိုးကုသရန်အတွက် ကျောက်ကပ်အလှူရှင် တစ်ဦးဦးကို မျှော်လင့်စောင့်ဆိုင်း နေခဲ့သော်လည်း အလှူရှင် ထွက်ပေါ်လာခြင်းမရှိသောကြောင့် များစွာ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဆေးရုံမှ အစိတ်အပိုင်း အစားထိုးကုသမှုဆိုင်ရာ   ညွှန်ကြားရေးမှူး ရောဘတ်မောင်ဂိုမာရီက ပြောသည်။

ထို့ကြောင့် ဆရာဝန်များသည် အဆိုပါ စမ်းသပ်မှုကို    လုပ်ဆောင်ရန်အတွက် လူနာ၏ ဆွေမျိုးသားချင်းများထံမှ ခွင့်ပြုချက် ရယူ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်များသည်  အစားထိုး ကုသမှု စမ်းသပ်ခြင်းကို လုပ်ဆောင်ရန် အတွက် သေချာပြင်ဆင်ခဲ့ရသည်ဟု မောင်ဂိုမာရီက ဆိုသည်။  ခွင့်ပြုချက် ရရှိပြီးနောက်တွင် မောင်ဂိုမာရီနှင့် လုပ်ဖော်ကိုင်ဖက် ဆရာဝန်များသည် စမ်းသပ်မှုကို လုပ်ဆောင်ရာတွင်  မျိုးရိုးဗီဇ ပြောင်းလဲထားသည့် ဝက်ထံမှ ထုတ်ယူထားသော ကျောက်ကပ်ကို လူနာ၏ ခြေထောက်တစ်ဖက်ထိပ်ပိုင်းရှိ သွေးကြောနှင့်ချိတ်ဆက်ကာ  ကုသမှု တိုးတက်ခြင်းရှိ၊ မရှိကို စောင့်ကြည့်ခဲ့ကြသည်။ သို့သော်  လူနာ၏ ခြေထောက်ထိပ်ပိုင်းနှင့်    ချိတ်ဆက်ထားသည့် ကျောက်ကပ်မှာ ပုံမှန် လုပ်ဆောင်နေသည့် အပြင် မျှော်လင့်ထားသည့် ဆီးပမာဏကို ထုတ်လုပ်ပေးနိုင်ကြောင်းကို ဆရာဝန်များက တွေ့ရှိခဲ့ကြသည်။ ယင်းနောက်တွင် ဆရာဝန်များက လူနာတွင် တပ်ဆင်ထားသည့်  အသက်ရှူစက်ကို ဖယ်ရှားလိုက်ရာ လူနာမှာ သေဆုံးသွားခဲ့သည်။  မျိုးရိုးဗီဇ ပြောင်းလဲထားပြီး  GalSafe ဟု အမည်ပေးထားသော    ဝက်ကိုစမ်းသပ်မှုတွင် အသုံးပြုရန် အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး အဖွဲ့က လူသားများအား ကုသရာ၌ အသုံးပြုရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ခွင့်ပြုထားခြင်း ဖြစ်သည်။

ယခုထွက်ပေါ်လာသည့် အောင်မြင်မှုသည် ဆရာဝန်များအနေဖြင့် ကျောက်ကပ် ပျက်စီးသွားသော လူနာများအား အစားထိုးကုသရာတွင် စမ်းသပ် ကုသနိုင်ရေးအတွက်လမ်းဖွင့်ပေးခြင်းဖြစ်ပြီး လာမည့်တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း စမ်းသပ်ကုသမှုများကို လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း မောင်ဂိုမာရီက ဆက်ပြောသည်။

အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာပင်  ကျောက်ကပ်အစားထိုး ကုသမှုခံယူရန် စောင့်ဆိုင်းနေရသည့် လူနာအရေအတွက်မှာ ၉ဝဝဝဝ ခန့်ရှိပြီး တစ်နေ့တည်း အမေရိကန်နိုင်ငံသား ၁၇ ဦးမှာ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းမှုကြောင့် သေဆုံးနေရာ မောင်ဂိုမာရီဦးဆောင်သည့် ခွဲစိတ်ဆရာဝန်များ၏ စမ်းသပ် လုပ်ဆောင်မှုသည် ဝက်၏ကျောက်ကပ်အား လူသားများတွင် အစားထိုးကုသနိုင်မည့် နည်းလမ်းတစ်ရပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။