အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် မြေပြိုမှုနှင့်ရေကြီးမှုများ ဖြစ်ပွား လူ ၂ဝဝ နီးပါး သေဆုံး

အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် မြေပြိုမှုနှင့်ရေကြီးမှုများ ဖြစ်ပွား လူ ၂ဝဝ နီးပါး သေဆုံး

မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင်  မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားရာ လူ ၂ဝဝ နီးပါး သေဆုံးသွားကြောင်း အာဏာပိုင်များက အောက်တိုဘာ၂၁ ရက်တွင် ထုတ်ပြန်သည်။

မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် နှစ်နိုင်ငံစလုံးရှိ အချို့ဒေသများတွင် မြေပြိုမှုဖြစ်ပွားရာ မိသားစုဝင်များမှာ  ၎င်းတို့၏ နေအိမ်များနှင့်အတူ ပြိုကျသွားကြောင်း သိရသည်။ မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် နီပေါနိုင်ငံတွင်  လူ ၈၈ ဦး သေဆုံးပြီး  ရုတ်တရက်ဖြစ်ပွားသည့် မြေပြိုမှုကြောင့် ကလေးငယ် သုံးဦးပါဝင်သော မိသားစုဝင် ခြောက်ဦးမှာ အပျက်အစီးများကြား ပိတ်မိသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။    ရာသီဥတု ပြောင်းလဲမှုကြောင့် တောင်အာရှဒေသတွင် ပြီးခဲ့သည့်နှစ်များအတွင်း ရာသီဥတု ဆိုးရွားမှုများနှင့် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသော  ဖြစ်ရပ်များနှင့် ကြုံတွေ့ရလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

မြေပြိုမှုများကြောင့်   အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ အွတ်တရာခန်းပြည်နယ်၌ လူ ၅၅ ဦးသေဆုံးပြီး တံတားအများအပြား နှင့်  လမ်းမကြီးများ ပျက်စီးသွားခဲ့သည်။

အလားတူ ကီရီလာပြည်နယ်တွင် လူ ၃၉ ဦး သေဆုံးသွားကြောင်း  သိရသည်။ ထို့ပြင် အချို့မြို့များသည် ဒေသတွင်းရှိ အခြားမြို့များနှင့် အဆက်အသွယ် ပြတ်တောက်သွားသောကြောင့် ပိတ်မိနေသည့် လူထောင်ပေါင်းများစွာကို အကူအညီများ ပေးအပ်နိုင်ရေး အတွက်  လက်နက်ကိုင် တပ်ဖွဲ့များအား  သက်ဆိုင်ရာ အစိုးရအဖွဲ့များက ဖြန့်ကြက်ထားကြောင်း သိရသည်။ ပိတ်မိနေသူများ တွင် ကမ္ဘာလှည့် ခရီးသည် ၂ဝ ဦး ပါဝင်သည်။