ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

မင်းတုန်းမင်းတရားကြီးနှင့် ဆိုလျှင်လည်း စုဖုရားကြီးက သက်ဝါ အနည်းငယ်ကြီးနေသဖြင့် ပို၍ပင် လေးစားခဲ့လေသည်။

ထို့ကြောင့် မင်းတုန်းမင်း တရားကြီးက စုဖုရားကြီးအား အစ်မတော်ဟူ၍ ခေါ်ခဲ့ရာ နောင်သောအခါ မင်းတုန်းမင်း ရတနာပုံနန်းစံချိန်၌ စုဖုရားကြီးအား မိဖုရားခေါင်ကြီး နေရာထားသည့် အချိန်အခါမှာပင် မင်းတုန်းမင်းဘုရင်က အစ်မဟူ၍ အမြဲထာဝစဉ် လေးလေးစားစား ခေါ်ခဲ့ခြင်းဖြစ်သည်။ ကြည်ညိုသည်။

ချစ်ခင်သည်။ လေးစားသည်။ အိမ်တော်ပါ ကိုယ်လုပ်တော်များ မည်မျှပါပါ နောက်ထပ်မိဖုရား မည်မျှထားထား အစ်မတော် မိဖုရားခေါင်ကြီးကိုတော့ အထူးအရေးပေး၍ လေးစား ချစ်ခင်ကြည်ညိုသည်။ မိဖုရားကြီးကလည်း မင်းတုန်းမင်း ယူထားလေသမျှ မိဖုရား ကိုယ်လုပ်မောင်းမမှန်သမျှကို မိမိ၏ ညီမသားချင်းများသဖွယ် ချစ်ခင်ညှာတာမှု ရှိခဲ့ခြင်းကြောင့် အခြားမိဖုရား ကိုယ်လုပ်မောင်းမများကလည်း မိဖုရားကြီးအား စကြာဒေဝီ မိဖုရားကြီးဟူ၍ အထူးချစ်အားပို ကြည်ညိုခြင်း ခံခဲ့ရသူဖြစ်လေသည်။

ယင်းသို့ ကျန်သော ဆောင်ရ၊ နန်းရမိဖုရား ကိုယ်လုပ်တော်များ၏ ချစ်ကြည်လေးစား အားထားခြင်းဖြစ်ခဲ့ခြင်း၊ စာပေကျမ်းဂန်တို့နှင့် ရတနာသုံးပါးဘက်၌သာ လေ့လာရင့်ကျက်မှုရှိသူဖြစ်သောကြောင့်လည်း စကြာဒေဝီမိဖုရားကြီး ဟူသော ဂုဏ်သတင်းသည် ပြည်တွင်းမဆံ့ မွှေးပျံ့ကျော်ကြားခဲ့ရခြင်း ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးသည် ဘုရင်ဖြစ်ခဲ့သော အချိန်မှစ၍ မိမိဆံတော်ကို နေ့စဉ်ဖြီးရှင်းရာ၌ အခြားသောဘုရင်များကဲ့သို့ ဆံတော်ရှင်းသူ သပ်သပ်မထားပေ။ မိမိဦးခေါင်းကို စကြာဒေဝီမိဖုရားမှတစ်ပါး မည်သူ၏ကိုင်တွယ်ခြင်းကိုမှ မခံယူတော့ဘဲ မနက်လင်းတွင် ဆံတော်ရှင်းရသည့်ကိစ္စကို (စုဖုရားကြီး) စကြာဒေဝီမိဖုရားကြီးကသာ တာဝန်ယူ၍ ဆံတော်ကို ဖြီးရှင်းထုံးနှောင်ပေးခဲ့ရမြဲဖြစ်သည်။

ဤကိစ္စကို မင်းတုန်းမင်းသည် စုဖုရားကြီး စကြာဒေဝီအား အမိနှင့်တူသော မယား၊ နှမနှင့်တူသော မယားဟူသော မယားထူး၊ မယားမြတ်ဟု မှတ်ယူလေးစားခြင်းအားဖြင့် မိမိ၏ တစ်ကိုယ်လုံး၌ အထွတ်အမြတ်ဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားသော ဦးခေါင်းနှင့် ဆံတော်များကို နှင်းအပ် ကိုင်တွယ်ခွင့် ပြုထားခြင်းမည်ပေသည်။

မင်းတုန်းမင်း၏ ထိုအယူအဆ ခိုင်မာပုံကို ထပ်မံပြဆိုရပါမူ ရတနာပုံထီးနန်း၌ စကြာဒေဝီမိဖုရားကြီး       နတ်ရွာစံတော် မူသွားသောအခါ မင်းတုန်းမင်းသည် မိမိဆံတော်ကို မည်သူကိုမျှ(ကိုင်ခွင့်) ဆံတော်ရှင်းခွင့် မပေးတော့ဘဲ သျှောင်တော်လည်း မထုံးတော့ဘဲ ဦးခေါင်းကို ပိုးဖြူတဘက်(ဘွဲ့ဖြူ) အမြဲအစဉ်သဖြင့် ရစ်ပေါင်း ထားလိုက်တော့သည်။ မိဖုရားခေါင်ကြီး နေရာကိုလည်း မည်သည့်မိဖုရားကိုမျှ တိုးတက်ချီးမြှင့် ပေးသနားခြင်း မပြုတော့ဘဲ နေရာလွတ်(ကွက်လပ်) ချန်ထားခဲ့လေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ထိုစဉ်က နန်းတွင်း၌ သြဇာအာဏာကြီးနေသော မိဖုရားကြီး(ဆင်ဖြူမရှင်)သည် အစ်မတော် စကြာဒေဝီ၏ နေရာကို တက်လိုသည်။ မင်းတုန်းမင်းကြီးအား  ဆံတော် ရှင်းပေးလိုသည်။ အမျိုးမျိုး ကြိုးစားလျက်ရှိသည်။  မိဖုရားခေါင်ကြီး ရာထူးမတက်ရမီ အလားအလာ တစ်ခုအဖြစ်နှင့် မင်းတုန်းမင်း၏ ဆံတော်ကို အရင်ရှင်းလင်း ဖြီးလိမ်းပေးရန် လုံ့လပြုလေတော့သည်။

မင်းတုန်းမင်းသည် ထိုကိစ္စကို ရိပ်မိသောခဏ၌ပင် ငါ၏ဆံတော်ကို အစ်မတော် မရှိတဲ့နောက်၊ နောက်ထပ် ဘယ်သူအကိုင်ကိုမျှ ခံတော်မမူတော့ဘူး၊ ဆံတော်ရှင်းပေးရန် မကြိုးစားကြနှင့်တော့ ဟူ၍ ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူလိုက်သည်။

မိဖုရားကြီးရာထူးကိုလည်း မည်သူကိုမျှ မပေးတော့ဘဲ နန်းမတော်ဆောင်ကြီး တစ်ခုလုံးကို စကြာဒေဝီ မိဖုရားကြီး ရှိစဉ်အခါကကဲ့သို့ မင်းခမ်းမင်းနားများ ခင်းကျင်းပြင်ဆင် ထားရသည်။ သို့သော် ဝင်ပေါက် တံခါးများကိုမူ တစ်ခါတည်း ပိတ်ဆို့ထားလိုက်လေတော့သည်။

ထိုသို့ပြုမူခြင်းကို ဆောင်ရ၊ နန်းရမိဖုရားများ မခံချိမခံသာ ဖြစ်နေကြသည်။ အထူးသဖြင့်(ဆင်ဖြူမရှင်) မိဖုရားကြီးမှာ မခံမရပ်နိုင်ဆုံးဖြစ်ရသည်။ အစ်မတော် စကြာဒေဝီမိဖုရားခေါင်ကြီး မရှိသည့်နောက် သူသာလျှင် မိဖုရားခေါင်ကြီး ရာထူးနှင့် ထိုက်တန်ဆုံးဖြစ်သည်။ အစ်မတော် စကြာဒေဝီ မိဖုရားခေါင်ကြီးသည် ရွှေဘိုမင်းတရား၏ သမီးတော်ဖြစ်သကဲ့သို့ သူသည်လည်း ဘကြီးတော်ဘုရင် မင်းတရားကြီး၏ မိဖုရားခေါင်ကြီးမှ မွေးဖွားလာသူဖြစ်သည်။ ထိုမျှမကသေး မွေးဖွားစဉ်က ထီးဖြူတော် ၄ စင်းအုပ်မိုး၍ အထွတ်အမြတ်ဆုံးသော သစ်နက်ရေခံရပြီး မနောရွှေလင်ပန်းနှင့် အချင်းဆေး ခဲ့ရသူဖြစ်သည်။ သို့ကြောင့် သူသည်ပင် မိဖုရားခေါင် ကြီးရာထူးကို ဆက်ဆံထိုက်သူဖြစ်၍ မင်းတုန်းမင်း တရားကြီး၏ မိဖုရားခေါင်ကြီး မုချဧကန်ဖြစ်ရမည့်သူဟူ၍ တရားသေ စွဲမြဲယူဆထားလေသည်။

သို့သော် မင်းတုန်းမင်းထံမှ ထိုအခွင့်အရေးကိုမရ။

မိဖုရားခေါင်ကြီးအစား (ဆင်ဖြူမရှင်)ဆိုသော ဘွဲ့ထူးနှင့် မိဖုရားခေါင်ကြီး၏ အခွင့်အရေးနီးပါး ရရှိခဲ့သည်။

နန်းမတော်ဆောင်ကြီးကိုမူ မစံမြန်းခဲ့ရပေ။

အကြောင်းတစ်ခုလည်း ရှိသေးသည်။ အခြားသော ဆောင်ရ၊ နန်းရမိဖုရားကြီးများသည် မင်းတုန်းမင်းထံပါးသို့ တစုတရုံးတည်း ဝင်ရောက်ငိုကြွေကာ စကြာဒေဝီ မိဖုရားခေါင်ကြီးကဲ့သို့ စိတ်ထားမြင့်မြတ်သူ မဟုတ်သော(ဆင်ဖြူမရှင်)အား  မိဖုရားခေါင်ကြီးရာထူးပေးလိုက်လျှင် မိမိတို့အား  နှိပ်စက်ပါတော့မည် ဟူ၍ လျှောက်တင် ပိတ်ပင်ကြသောကြောင့်လည်း မင်းတုန်းမင်းတရားကြီးက အများသော မိဖုရားတို့ စိတ်ဝမ်း မငယ်ကြစေရန် မပေးပါဟူ၍ ကတိခံလိုက်သည်ဟု အဆိုရှိသည်။ ဤကိစ္စကိုလည်း ဆင်ဖြူမရှင်မိဖုရားကြီးက ကြားသိရသည်။ ဒါကြောင့် မင်းတုန်းမင်း မမာတော်မူစဉ်အခါက မှူးတော်၊ မတ်တော်ကြီးအချို့နှင့် ညှိနှိုင်းပြီး မင်းသားကြီးများကို ဖမ်းဆီးလိုက်ခြင်းဖြင့် ပညာသား ပြလိုက်ခြင်းဖြစ်သည်။

ဆင်ဖြူမရှင်သည် မယ်တော်ဖြစ်သော နန်းမတော် မယ်နု၏စရိုက်အတိုင်း စိတ်တော်ထက်မြက် လှသူဖြစ်သည်။ နန်းတွင်းရေးရာများကို  ပြတ်ပြတ်သားသား ကြိုးကိုင်ခဲ့ဖူးသေးရာ သမီးတော် စုဖုရားလတ်နှင့်ကျမှ မိမိဦးစီးဦးကို ပြုတိုင်းမရလေသည်ကို လက်တွေ့ တွေ့ကြုံရခြင်းဖြစ်လေသည်။

ဆက်လက်ဖော်ပြပါမည်။