ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၂၅ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၂၅ ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ ၂၂

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၁-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၂-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၈၆၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၂၅ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၇ဝဝ၇၇၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၉၂၅ဝ၉ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၁ဝဝ၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၄၅၇၄၈ ဦး  ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံးသူ ၂၆ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၄၉၁ ဦးရှိသည်။

သီတင်းကျွတ်ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားလာသူများခြင်းနှင့် အချို့နေရာများတွင် လူစုလူဝေး များပြားခြင်းများ ရှိခဲ့သည်။ ကိုဗစ်-၁၉  ရောဂါကူးစက်ဖြစ်ပွားမှု  ပြန်လည်မြင့်တက်လာမှု မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူလူထု အနေဖြင့် အောက်ပါအချက်များကို တိကျစွာလိုက်နာကြရန်ဖြစ်သည်။ အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစု ဝေးရာသို့ သွားရောက်ရန်များ ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို  မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊  အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့်မပျက်မကွက် ခံယူခြင်း၊ သံသယ ရောဂါလက္ခဏာ    တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့  အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့သူများအား  ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေး ပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဓာတ် ခွဲအတည်ပြုလူနာနှင့်  အနီးကပ် ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို  ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း အစရှိသည့် လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ 

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်'' နှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်'' အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက် အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ  www.mohs.gov.mm      တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။