ထိုင်းနိုင်ငံသို့ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသည့် ၄၆ နိုင်ငံမှ ခရီးသည်များ ပြန်လည်ဝင်ရောက်နိုင်ပြီ

ထိုင်းနိုင်ငံသို့ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသည့် ၄၆ နိုင်ငံမှ ခရီးသည်များ ပြန်လည်ဝင်ရောက်နိုင်ပြီ

ထိုင်းနိုင်ငံသည် နိုင်ငံအတွက်များစွာ အထောက်အကူပြုနေသည့် ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် လာမည့် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သော ခရီးသွားများကို နိုင်ငံအတွင်းသို့  ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ကာကွယ်ဆေး အပြည့်အဝထိုးခြင်း ခံရသည့်ခရီးသည်များ အနေဖြင့်  ထိုင်းအစိုးရ ချမှတ်ထားသည့် ရောဂါပိုး ကူးစက် ခံရမှု ရှိ၊ မရှိနေရာခွဲ၍ စောင့်ကြည့်ခံရမည် မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ရမည်ဖြစ်သည်။ သို့ရာတွင် ၎င်းခရီးသည်များ အနေဖြင့် ကာကွယ်ဆေးထိုးပြီး ဖြစ်ကြောင်းနှင့် ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိကြောင်းဟူသော စာရွက်စာတမ်း အထောက်အထားများကို ပြသရန် လိုအပ် မည်ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဝန်ကြီးချုပ် ပရာယုချန်အိုချာက  အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ နိုင်ငံအတွင်းသို့ ခွဲခြားစောင့်ကြည့်ခြင်း မခံရဘဲ ဝင်ရောက်ခွင့်ပြုထားသည့် နိုင်ငံများတွင် ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ ဂျာမနီနှင့်သြစတြေးလျတို့ ပါဝင်လျက်ရှိသည်။

ထိုင်းအစိုးရသည်ပြည်ပမှ ခရီးသည်များ အဓိကလည်ပတ်လေ့ရှိသော  မြို့တော် ဘန်ကောက်နှင့် ဟွာဟင်း၊ ပတ္တယားတို့ အပါအဝင်  ခရီးသွား လုပ်ငန်းအတွက် ထင်ရှားသည့်နေရာများကို  ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါက ခရီးသည်များ သွားရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ချမှတ်ထားသည့် ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို ဖြေလျှော့ပေးမည်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ အဓိကလာရောက် လည်ပတ်သည့်  နေရာအချို့ကိုအစိုးရက ပြီးခဲ့သည့် လကုန်ပိုင်းကတည်း က ပြန်လည်ဖွင့်လှစ် ပေးထားပြီးဖြစ်သည်။

ထိုင်းအစိုးရက အကောင်အထည် ဖော်ဆောင်ခဲ့သည့်  ရောဂါပိုး ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် ထိရောက်မှုရှိသည်။ အခြားနိုင်ငံများမှ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်မှုကို ထိန်းချုပ်ရာတွင် တင်းကျပ်စွာ ဆောင်ရွက်မှုများသည် ရောဂါပိုးထိန်းချုပ်ရေးကို များစွာ အထောက်အကူ ပြုခဲ့သည်။

သို့သော် အစိုးရ၏ အဆိုပါတင်းကျပ်မှု များသည် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည် အရေအတွက်ကို ကျဆင်းစေခဲ့သည်။ တခြားနိုင်ငံများမှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည် အရေအတွက်သည် ၂ဝ၁၉ ခုနှစ် တစ်နှစ်တည်းမှာပင် သန်း ၄ဝ ခန့်ရှိသည်။ ရောဂါပိုး ကူးစက်မှုများ ဖြစ်ပွားနေသည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသည်ဦးရေမှာ ၆ ဒသမ ၇ သန်းခန့်သာရှိသည်။ နိုင်ငံ၏ခရီးသွား လုပ်ငန်းများ ထိခိုက်ခဲ့ရခြင်းကြောင့် လူ ၁ ဒသမ ၄၅ သန်းခန့်မှာလည်း အလုပ်အကိုင်များ ဆုံးရှုံးသွားသည်။

ထို့ကြောင့် အစိုးရက ဖော်ဆောင်ခဲ့သည့် ရောဂါပိုး ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကြောင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် ဘဏ္ဍာအဖြစ် ရှာဖွေပေးနေသည့် ငွေကြေးပမာဏမှာ   ငွေဒေါ်လာ    ၅ဝ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ရသည်။

ထိခိုက်ခဲ့ရသည့်ခရီးသွား လုပ်ငန်းပြန်လည် ဦးမော့လာစေရန်အတွက်   ထိုင်းအစိုးရသည် နာမည်ကျော် ထင်ရှားသည့် ကျွန်းတစ်ကျွန်းဖြစ်သော ဖူးခက်ရှိ ဒေသခံအများစုကို ကာကွယ်ဆေး ထိုးနှံပေးပြီးနောက် ယင်းအပန်းဖြေကျွန်းကို ယခုနှစ် ဇွန် ၁ ရက်မှ စတင်ဖွင့်လှစ် ပေးခဲ့သည်။

အစိုးရ၏ ဖြေလျှော့ပေးမှုများကြောင့် နိုင်ငံအတွင်းသို့ ခရီးသည် ၁ဝဝဝဝဝ ခန့်သာ ဝင်ရောက်လာနိုင်မည်ဟု ခရီးသွားလာရေး အာဏာပိုင်အဖွဲ့က မျှော်မှန်းထားသည်။