ယူကရိန်းတွင် နေတိုး၏ စစ်အင်အား ဖြန့်ကြက်ခြင်းက နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်ဟု ရုရှားပြော

ယူကရိန်းတွင် နေတိုး၏ စစ်အင်အား ဖြန့်ကြက်ခြင်းက နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်ဟု ရုရှားပြော

ယူကရိန်းနိုင်ငံတွင် နေတိုးတပ်ဖွဲ့၏ စစ်အင်အား ဖြန့်ကြက်ထားခြင်းသည် နိုင်ငံအတွက် ခြိမ်းခြောက်မှု အစစ်အဖြစ် တည်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။

ယူကရိန်းနိုင်ငံအတွင်း နေတိုးတပ်ဖွဲ့က ၎င်းတို့၏တပ်ဖွဲ့များကို ဖြန့်ကြက်ရန် စီစဉ်နေကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ရုရှားအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်းနှင့် ယင်းအခြေအနေကို ရုရှားနိုင်ငံက သတိထားမိကြောင်း ပူတင်က Valdai International Discussion Club တွင် ကျင်းပသည့်ဆွေးနွေးပွဲ၌  ပြောဆိုခြင်း ဖြစ်သည်။ ထို့ပြင် ယူကရိန်းနိုင်ငံအား နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်ရေး အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က လမ်းဖွင့်ပေးလျက် ရှိကြောင်း ပူတင်က ဆက်ပြောသည်။

ယူကရိန်းနိုင်ငံက   နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ခြင်းကို မည်သည့် တတိယနိုင်ငံကမျှ တားမြစ်ခွင့် မရှိကြောင်း၊ ယူကရိန်းက နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာရေး အတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း လွိုက်အော်စတင်က ပြောဆိုပြီးနောက် သမ္မတပူတင်၏ ပြောဆို မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံက   နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်ခြင်းသည် အလွန်အန္တရာယ် ကြီးမားကြောင်း၊ ထို့ကြောင့် ရုရှားအစိုးရ အနေဖြင့် တုံ့ပြန်ရမည်ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေရူဒင်ကို က ပြောဆိုထားသည်။

ထို့ပြင်   ယူကရိန်းနိုင်ငံ အတွင်းသို့ နေတိုးတပ်ဖွဲ့က ၎င်းတို့၏စစ်လက်နက် ပစ္စည်းများ တိုးမြှင့်ဖြန့်ကြက်မည့် မည်သည့် လုပ်ဆောင်ချက်မဆို ကန့်သတ်ချက် ဘောင်ကို ကျော်လွန်လာမည်ဖြစ်ကြောင်း ရုရှားက ထပ်တလဲလဲ သတိပေးထားကြောင်း သိရသည်။