ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရိုင်ခြောက်ခု၌ ယခုနှစ်ကြံစိုက်ရာသီတွင် ကြံစိုက်ဧက  ၁၃ဝဝဝဝ ကျော် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရိုင်ခြောက်ခု၌ ယခုနှစ်ကြံစိုက်ရာသီတွင် ကြံစိုက်ဧက  ၁၃ဝဝဝဝ ကျော် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)     ခရိုင်ခြောက်ခု၌ ယခုနှစ်ကြံစိုက်ရာသီတွင် ကြံစိုက်ဧက ၁၃ဝဝဝဝ ကျော် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးရုံး   ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဝင်း၏  ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ   လားရှိုး၊မူဆယ်၊ ကျောက်မဲ၊ မိုးမိတ်၊ လောက်ကိုင်နှင့် ဟိုပန်ခရိုင်တို့၌ ကြံကို နှစ်စဉ် ဇန်နဝါရီ၊ဖေဖော်ဝါရီလတို့တွင်   စတင်စိုက်ပျိုးပြီး အပင်သက်တမ်း တစ်နှစ်ကျော်အကြာ မတ်၊ ဧပြီလတို့တွင် ခုတ်ယူကြောင်း၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၌ ကြံအများဆုံး စိုက်ပျိုးပြီး ယခုနှစ်တွင် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

''ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ   ကြံကို    ဒုတိယအများဆုံး စိုက်ပျိုးပါတယ်။   ဒေသခံ  ကြံစိုက်တောင်သူတွေ အတွက် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ တောင်သူပညာပေး သင်တန်းတွေကို မြို့နယ်အလိုက် သွားရောက် ပို့ချပေးနိုင်ခဲ့ပါတယ်။  ရာသီဥတုပေါ်မူတည်ပြီး ကျရောက်လာနိုင်တဲ့ ဖျက်ပိုးတွေအတွက်  ပညာပေးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ ပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်'' ဟု ဒေါ်နွယ်နွယ်ဝင်း ကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ယခုနှစ်ကြံစိုက်ရာသီတွင် စိုက်ပျိုးနိုင်မှု အနေဖြင့် လားရှိုးခရိုင်ရှိ မြို့နယ်ငါးမြို့နယ်၌ ၁၁၄၃၃ ဧက၊ မူဆယ်ခရိုင်ရှိ မြို့နယ်သုံးမြို့နယ်၌ ၁၄၇၂၇ ဧက၊ ကျောက်မဲခရိုင်ရှိ မြို့နယ် ခြောက်မြို့နယ်၌ ၆၈၈၈၅ ဧက၊  မိုးမိတ် ခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်၌ ၂၂၃ဝ၅ ဧက၊ လောက်ကိုင်ခရိုင်ရှိ   မြို့နယ်နှစ်မြို့နယ်၌ ၁၆၉၄၇ ဧကနှင့် ဟိုပန်ခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်၌  ၁၂၈၆  ဧကစိုက်ပျိုးနိုင်ခဲ့သည်။