မြန်မာ့ရိုးရာ အကြောပြင်နှင့် အနှိပ်ပညာ (၂)

မြန်မာ့ရိုးရာ အကြောပြင်နှင့် အနှိပ်ပညာ (၂)

အကြောပြင်ဆရာ

အကြောပြင်ဆရာသည် ပညာရှင် ဖြစ်ပါသည်။ ပညာတတ်မှသာ အကြောပြင် ဆရာဖြစ်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် အထက်တန်းပညာ အနည်းဆုံး အခြေခံရှိပြီးသူမှသာ တက္ကသိုလ်အဆင့် ခန္ဓာဗေဒ (Anatomy)ပညာကို သင်ယူနိုင်မည်ဖြစ်ပါသည်။

ခန္ဓာဗေဒကို တတ်မှသာ အကြောပြင်ဆရာသည် ဘယ်နေရာမှာ ဘယ်အကြောရှိသည်၊ ဘယ်သို့တည်ဆောက်ထားသည်၊ ကိုယ်တွင်း အင်္ဂါရပ်များ၊ သွေးလှည့်အဖွဲ့များ၊ ပြန်ရည်ကြောအဖွဲ့များ၊ ကြွက်သား များ၊ ကြွက်ကြောများ၊ အရွတ်များ၊ အဆက် များစသည်ဖြင့်   အားလုံးကို ကျေကျေညက်ညက်နားလည်မှသာလျှင် အကြောပြင်ဆရာ ပညာရှင်ဖြစ်နိုင်ပါသည်။

ရှေးက အချို့သော မြန်မာဆရာများမှာ ခန္ဓာဗေဒကို တိုင်းရင်းနည်း သုံးဆယ့်နှစ်ကောဋ္ဌာသနည်းဖြင့်သာ သိသော်လည်း အနောက် တိုင်းခန္ဓာဗေဒကို မသိသဖြင့် အသည်းဘယ်နေရာမှာ ရှိမှန်းမသိ၊ နှလုံး ဘယ်နေရာမှာ ရှိမှန်းမသိ၊ အဆုတ်ဘယ်နေရာမှာ ရှိမှန်းမသိ၊ ကျောက်ကပ်ဘယ်နေရာမသိသဖြင့် ရိုးရိုးခါးနာနှင့် ကျောက်ကပ် ကျောက်တည်ခါးနာ မှားကုမိ၊ နှိပ်မိဖြစ်ခဲ့ဖူးသော  မသိမှားများ ရှိခဲ့ပါသည်။

ယခုခေတ်တွင် တိုင်းရင်းဆေးမှန်သမျှကို တစ်နှစ်သာတက်ရသော အနိမ့်ဆုံး သင်တန်းမှအစ အနောက်တိုင်းခန္ဓာဗေဒကို သင်ကြား ပေးလျက်ရှိပါသည်။ သင်တန်းတွင် မတက်ခဲ့ကြသူများ အပြင်တွင်ဆက်၍ ကျေညက်အောင် လေ့လာသင့်ပါသည်။ ခန္ဓာဗေဒကိုမှ မပိုင်လျှင် ဆရာမဖြစ်ထိုက်ပါ။

အကြောပြင်ဆရာဆိုသည်မှာ အကြောတည်ဆောက်ဖွဲ့စည်းပုံ ခန္ဓာဗေဒကို လုံး၀ ကျေညက်ထားသူဖြစ်ပြီး စမ်းသပ်လိုက်သောအခါ  အကြော၏ ချို့ယွင်းချက်၊ ပြစ်ချက်များကို မိမိပိုင်နိုင်ရာနည်းဖြင့် (ဥပမာ-အကြောဖွင့်ခြင်း၊ လက်ဖြင့် အကြောပြင်ခြင်း၊ ပစ္စည်း ကိရိယာအကူဖြင့် အကြောကိုပြင်ခြင်း၊ ဆေးစည်းခြင်း၊ ကြပ်ထုပ်ထိုးခြင်းစသောနည်းစနစ်အမျိုးမျိုး သင့်ရာသုံး၍)ပြုပြင်ပေးနိုင်သော ကျွမ်းကျင်သူဆရာဖြစ်ပါသည်။ ထို့ထက်ပို၍ နှစ်သက်ကြာ၊ အကြောပြင်ဆရာ ဝါရင့်လျှင် “အကြောပြင်သမားတော်” ဟု ခေါ်ဆို သင့်ပါသည်။

အကြောပြင်ဆရာသည် ပစ္စည်းကိရိယာကို အကူအညီယူနိုင်သည်ဆိုသော်လည်း အထောက်အကူပြုရုံသာယူရန်ဖြစ်သည်။ တိုင်းရင်း အကြောပြင်ဆရာက အနောက် တိုင်းဆေးရုံများကဲ့သို့ လျှပ်စစ်ဖြင့် တို့ခြင်း၊ ဓာတ်မီးလုံးနှင့် အပူပေးခြင်းတို့ပြုလုပ်လျှင် သဘာဝ မကျပါ။ တိုင်းရင်းဆရာအတု ဒေါက်တာရမ်းကု ဖြစ်သွားပါလိမ့်မည်။ ကိုယ့်ပညာနှင့်ကိုယ် ဆီလိမ်းပြီး လက်နှင့်နှိပ်ခြင်းက တစ်ခါ တစ်ရံ ပိုပြီးအကျိုးရှိ ထိမိပါသည်။ တိုင်းရင်းဆရာက လျှပ်စစ်ဘက်ထရီနှင့် တို့သဖြင့် Heart Attack ခေါ် နှလုံးရပ်ပြီး ဆေးရုံအရေးပေါ်ပို့ရသဖြင့် နာမည်ပျက်ရသော ကိစ္စများလည်း တွေ့ဖူးပါသည်။ လျှပ်စစ်စီးကြောင်းသည် နှလုံးရောဂါရှိ/မရှိ မသိဘဲ မသုံးစွဲသင့်ပါ။

အနောက်တိုင်းဆေးပညာမှ သင်ကြားထားသည့် Physiothraphic ခေါ် အကြောအဆစ်ကုပညာရှင်များသည် ဆေးဘက်ပညာ တက္ကသိုလ်တွင်   လေးနှစ်ကြာသင်ကြားထားကြသူများဖြစ်သည်။ သူတို့သုံးစွဲသောကိရိယာများမှာလည်း စက်ဖြင့် တွဲဖက်ထားသည့် ကိရိယာက များသည်။ အပူပေးလျှင်လည်း သတ်မှတ်ထားသည့် အပူချိန်အထိ အကျပေးနိုင်သည့် ကိရိယာများကို တီထွင်ထား ကြသည်။ အပူပေးရမည့် အချိန်ကိုလည်း တိကျစွာသတ်မှတ်ထားလေ့ရှိသည်။ ထို့ပြင် ဇက်ဆွဲကိရိယာ၊ ခါးဆွဲကိရိယာများမှာလည်း ကီလို အလေးချိန်ဖြင့် သတ်မှတ်ပေးထားသော ကိရိယာများဖြစ်သည်။

တိုင်းရင်းဆေးအကြောပြင်ဆရာများတွင်လည်း သူ့နည်းသူ့ဟန်နှင့် အထောက်အကူပြု ပစ္စည်းများရှိသည်။ ဥပမာ-ချို၊ ဓား၊ စုတ် ဆရာကြီးများ၊ မိုးကြိုးသွားနှင့် ထောက်၍ ကုသောဆရာကြီးများသည် နာမည်ကြီးကြသည်။ ကြေးစုတ်ဖြင့် စုတ်ထိုး ကုသသော နည်းမှာလည်း ရှေးနှစ်ပေါင်း ရာချီပြီး ကုသခဲ့ကြသော ရိုးရာနည်းဖြစ်သည်။ စုတ်တွင်လည်း ဆေးမင်ကြောင် ထိုးသောစုတ်နှင့်၊ ဆေးကုသော စုတ်ဟူ၍ နှစ်မျိုးရှိသည်။ အတိုအရှည်ကွဲပြားသည်။ ဗိန္ဒောဆေးနှင့် ကုသပေးပြီး စုတ်ထိုး၊ စုတ်ပေါက်ပေးသော ဆရာများရှိသကဲ့သို့ အကြောပြင်ကုသပေးပြီး စုတ်ထိုး၊ စုတ်ပေါက်ပေးသော ဆရာများလည်းရှိသည်။ ရိုးရာကုသနည်း အမှန်အကန် ပင် ဖြစ်သည်။

ယခုခေတ်တွင်မှ အနောက်တိုင်း Physiothraphy ကုနည်းနှင့်  တိုင်းရင်းအကြောပြင်များ ရောထွေးကုန်သဖြင့် မူရင်းနည်းစနစ်နှင့် အကြောပြင်ပညာများ ပျောက်ကုန်မည်ကို စိုးရသည်။ အထူးသဖြင့် ကိုယ့်အလုပ်မဟုတ်သည်ကို မလုပ်ကြရန် တိုင်းရင်းဆေးဆရာ များကို သတိပေးလိုပါသည်။ လူနာများအနေနှင့်လည်း မိမိကုသမည့် ဆရာကို အရမ်းမဲ့ မရွေးချယ်ဘဲ စနစ်ကျမကျ အနှိပ်သည်လား၊ အကြောပြင်ဆရာလား လေ့လာပြီးမှ ကုသသင့်ပါသည်။ အထူးသဖြင့် လေဖြတ်သူများမှာ ပထမဆုံး ကုသသောဆရာက အမှားလုပ်၍ အကြောအဆစ်များ ပျက်စီးခဲ့လျှင်နောက်ကုသောဆရာအတွက် မလွယ်ကူပါ။

အကြောဖွင့်ခြင်းကို လေဖြတ်မည့် လက္ခဏာပြနေသူများသည် လေမဖြတ်မီက ကြိုတင်ပြုလုပ်သင့်ပါသည်။ လက်ကပစ္စည်းကိုင် လျှင် မကြာခဏ လွတ်ကျသူများ၊ လမ်းသွားလျှင် မကြာခဏ ခလုတ်တိုက်ပြီး ဖိနပ်ကျွတ်ထွက်လေ့ရှိသူများ၊ မျက်ခွံမကြာခဏ ဆက်တိုက်လှုပ်သူများ၊ စကားပြော လေးလေးသွားသူများ၊ ထိုင်ရာမှကြာပြီး ပြန်ထလျှင် ဆွဲထားသလို ပြန်ထိုင်ချရသူများလည်း လေဖြတ်နိုင်ပါသည်။ ထို့အတူ အိမ်သာတွင် ဆောင့်ကြောင့်ထိုင်လျှင် အောက်ပိုင်းတစ်ခုလုံး ထုံကျဉ်လေးလာသူများလည်း သတိပြု သင့်ပါသည်။

ဆေးဆယ်ခွက်  အနှိပ်တစ်ချက် (ဆေးဆယ်ခွက် လက်တစ်ချက်ဟုလည်းဆို)ထိရောက်အောင် နှိပ်တတ်သော ဆရာ၏ အနှိပ်တစ် ချက်သည် ဆေးဆယ်ခွက် တိုက်မှ  ပျောက်နိုင်သောဝေဒနာကို တစ်ချက်တည်းနှင့် ပျောက်နိုင်သည်ဟု အဆိုရှိသည်။ အကြောပြင် ဆရာဖြစ်မည့်သူများသည် သင်တန်းအစတွင် အနှိပ်ဆရာက စရသည်ဟုဆိုသည်။ အနှိပ်ဆိုသည်မှာလည်း အတိုင်းအဆမရှိ နှိပ်သည်၊ နင်းသည်၊ ချိုးသည်ဆိုသော ဆရာမျိုးမဟုတ်ချေ။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် ရောဂါရောက်နေသည်၊ ရှိနေသည်ကို သိသည့်ဆရာဖြစ်ရမည်။ ထိုဆရာမျိုးမှ အနှိပ်ဆရာမှ အကြောပြင်ဆရာသို့ အဆင့်တက်နိုင်သည်။ အကြောပြင်ဆရာသည် သွေးပြင်ဆရာအဖြစ်ရောက်အောင် ခန္ဓာဗေဒ၊ ရောဂါဗေဒတို့ကို လေ့လာသင်ကြားရမည်။

သိမ်ဖြူဆရာတော်ကြီး (အရှင်နာဂသေနာဘိဝံသ)၏ မြန်မာ့အကြောပြင် အတတ်ပညာကျမ်းဆရာ့ဆရာများ မှတ်သားဖွယ်ရာ ကဏ္ဍတွင် ဖော်ပြထားသည်မှာ   အနှိပ်ဆရာသည်နှိပ်သည်။ နင်းသည်။ ချိုးသည်။   အကြောပြင်ဆရာကား တစ်ကိုယ်လုံးရှိ အကြော တွင် အပြစ်ပြုနေသော သည်းခြေဒေါသ အပူရှိန်တို့ကိုလည်းကောင်း၊ လေကိုလည်းကောင်း၊ သလိပ်ပိတ်ဆို့မှု အအေးစုတို့ကို လည်းကောင်း၊ ဝင်ရောက် အပြစ်ပြုပုံမှန်သမျှကို သိရှိနားလည်ထားရမည်။

ရောဂါရှင် ညည်းတွားသံကို ကြားရရုံမျှဖြင့် ဆေးပေးသော ဆရာကဲ့သို့ မပြုလုပ်ရ။ “အနာမပိုင်၊ ဆေးမကိုင်ရ”၊ “အနာမမြင်၊ ဆေးမတင်ရ” ဟူသော ဆိုရိုးစကားကို လေးစားရသလို အကြောပြင်ဆရာသည် လည်း အကြောနှင့်သွေးကို အခြေခံ၍ ပျက်စီးနေ သော (အပြစ်ပြုနေသော) လေ၊ သည်းခြေ၊  သလိပ်၊ သွေး၊ အပုပ် ထိုငါးမျိုးတို့တွင် အပုပ်မှပေါ်ထွက်လာသော ပိုးနှင့် အခိုး ထိုခုနစ်မျိုးတို့၏ အခြေအနေ အရပ်ရပ်အပြစ်ပြုပုံအဖုံဖုံတို့ကို သိရှိနားလည်ထားရမည်” ဟု ဆရာတော်ကြီး၏ အကြောပြင်၊ အတတ်ပညာကျမ်းတွင် ဖော်ပြထားသည်။

အကြောပြင်ကုသရန် မသင့်သူများ

အကြောပြင်သည် အရွယ်သုံးပါးရောဂါ အမျိုးမျိုးတို့အတွက် အဓိကဖြစ်စေ၊ အထောက်အကူပြုဖြစ်စေ ကုသနိုင်သည်ဟုဆိုသော် လည်း အကြောမပြင်သင့်သူများရှိသည်ကို သတိပြုသင့်သည်။

စာရေးသူ၏ အတွေ့အကြုံမှတ်တမ်း “ပြီး(၅)ပြီးကာလ” အကြောမပြင်ရ။

၁။ အစာစားပြီးစအချိန်။

၂။ ရေချိုးပြီးစအချိန်။

၃။ အိပ်ရာမှ နိုးထခါစအချိန်။

၄။ လေ့ကျင့်ခန်း ပြုလုပ်ပြီးခါစအချိန်။

၅။ ဆေးသောက်ပြီးစအချိန်။

အစာစားပြီးစ အချိန်တွင် အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း မပြုသင့်သည်မှာ ရှင်းပြစရာမလိုဘဲ ဆေးဆရာတိုင်းသိရှိပြီး ကိစ္စဖြစ်ပါ သည်။ ဝမ်းမီးကို ကမောက်ကမ ဖြစ်စေနိုင်သဖြင့် အကြောမပြင်သင့်ပေ။ သို့သော် ခြွင်းချက်အားဖြင့် အစာစားပြီးစ ကြို့ထိုးနေသူကို ကြို့ထိုး ပျောက်စေရန် (လက်မခွကြားကိုနှိပ်ခြင်း)အကြောပြင်ခြင်းကို ခွင့်ပြုနိုင်သည်။ အစားလွန်၍ စားပိုးနင့်သူကို အန်ထွက်စေရန် နောက်ကြောမှ နှိပ်ခြင်းကိုလည်း အကြောပြင်နှင့် မသက်ဆိုင်၍ ခွင့်ပြုနိုင်သည်။

ရေချိုးပြီးစအချိန်တွင် အနှိပ်ခံခြင်း၊ အကြောပြင်ခြင်းမပြုသင့်ပေ။ အေးနေသောအချိန်တွင် အကြောများကျုံ့ခြင်း၊ မွေးညင်း ပေါက်များ ပိတ်နေခြင်း၊ အခိုးမထွက်နိုင်ခြင်း၊ အာကာသမရရှိခြင်းကြောင့် အကြောမပြင်သင့်ပေ။ အကြောပြင် ဆရာ၏ အဓိက တာဝန်မှာ အာကာသ အပွင့်အပိတ်ကို ကြည့်ရမည်။ လုံး၀အာကာသမရနိုင်သောအခြေအနေတွင် အကြောမပြင်သင့်ပေ။

(ကလေးအမေများသည် ရေချိုးပြီးစ အချိန်တွင် ကလေးကို နို့မတိုက်သင့်ပေ။ အေးပြီး နို့ကြောင်းများ ပိတ်နေသဖြင့် နို့မထွက်။ ကလေးမှာ လေများသာ စုပ်ယူမိသဖြင့် သူငယ်နာ လေရောဂါဖြစ်လာတတ် သည်။ နို့ကြောင်းပွင့်သည့်အချိန် ရေမချိုးမီအချိန်တွင် ကလေးကို နို့တိုက်ထားရမည်။)

အိပ်ရာမှ နိုးထခါစအချိန်သည် အာရုံကြောများ လူနှင့်အတူ မနိုးထသေးသောအချိန်ဖြစ်သည်။ အနားယူထားသဖြင့် ပြန်လည်နိုး ကြားရန် အချိန်လိုအပ်သည်။ မျက်နှာသစ်ပြီး၊ သွားတိုက်ပြီး ကိုယ်လက် လှုပ်ရှားပြုလုပ်ပြီးနောက်   အနည်းဆုံး နှစ်နာရီကြာမှသာ အကြောပြင်ခြင်းအမှုကို ပြုသင့်သည်။ လေဖြတ်ထားသူများကို (ဆရာ့အတွေ့အကြုံအရ)နံနက်ပိုင်းအကြောပြင်ခြင်းသည် ထိရောက်မှုမရှိပေ။ နေမွန်း တည့်မတိုင်မီ တစ်နာရီနှင့် မွန်းတည့်ပြီးနောက် နှစ်နာရီအတွင်း အကြောပြင်ခြင်းသည် အထိ ရောက်ဆုံးဖြစ်သည်။ ညနေပိုင်း၊ ညပိုင်းများတွင်လည်း အကြောပြင်ခြင်းသည် လေဖြတ်သူအတွက် မထိရောက်ပေ။

လေ့ကျင့်ခန်း ပြုလုပ်ပြီးစအချိန်တွင် အနှိပ်ခံခြင်း၊ အကြောပြင်ခြင်း ပြုလုပ်လျှင် အကျိုးမရှိပေ။ အထူးသဖြင့် ချွေးထွက် လွန်ကဲနေသောအချိန်တွင် အကြောမပြင်သင့်ပေ။

ခန္ဓာကိုယ်နွေးထွေးနေသော အနေအထားတွင် အကြောပြင်ခြင်းသည် ဥဏှတေဇော နိုးကြားပြီး ဝါယောဓာတ်ကို တွန်းထုတ်ကာ အာကာသရအောင် ပြုပြင်ခြင်းသည် မှန်ကန်သော အကြောပြင်ခြင်း ဖြစ်သည်။ ဤနေရာတွင် အားကစားလုပ်၍ ချွေးထွက်လွန်ပြီး ကြွက်တက်သူကို အကြောပြင်ခြင်းကို မဆိုလို။ အရေးပေါ် အခြေအနေအဖြစ် အကြောပြင်ကုသပေးရမည်ဖြစ်သည်။

ဆေးသောက်ပြီးစအချိန်ဆိုသည်မှာ အချို့လူနာများသည် ဆေးကုသည့် ဆရာဝန်ကတခြား၊ အကြောပြင်ပေးသည့် ဆရာက တခြားဖြစ်တတ်သည်။ ယခုခေတ်တွင် အနောက်တိုင်းနှင့် တိုင်းရင်းအကြောပြင် တွဲဖက်ကုသသည့် လူနာများစွာရှိသည်။ သတိပြုရန် မှာ ဆရာဝန်ပေးသွားသည့် သို့မဟုတ် အချိန်နှင့် သောက်ခိုင်းထားသည့်ဆေးသည် သွေးကျဆေး သို့မဟုတ်  အိပ်ဆေး ပါဝင်သော ဆေးဖြစ်နေနိုင်သည်။ ထိုသို့ဆေးမျိုး သောက်ထားချိန်တွင် ဆန့်ကျင်ဘက် အကြောပြင်နှိုးဆွခြင်းအလုပ်ကို မပြုအပ်ပေ။ ဆရာ နှစ်ဦး ကုသမှုပဋိပက္ခကြောင့် လူနာထိခိုက်နစ်နာတတ်သည်။

 အချို့သော ဆရာကြီးများက

(၁) မီးဖွားပြီးခါစအချိန် သွေးနုသားနု အမျိုးသမီး၊

(၂) အရက်အမူးလွန်သူ၊ အရက်သေစာ သောက်စားထားသူများကို အကြောမပြင်သင့်ဟုဆိုသည်။ စာရေးသူ၏ အမြင်မှာ အကြောပြင် ဆရာ၊   ဆရာမကြီးများ အတွေ့အကြုံများအရ မီးဖွားပြီး အချင်းမကျသည့် မီးနေသည်ကို   အချင်းကျအောင် အကြောပြင်ပေး ရသည်များရှိသည်။

ရှေးက တောအရပ်များတွင် အရပ်နည်းဖြင့် လက်သည်ဆရာမကြီးများသည် အချင်းချခြင်း၊ သွေးခွဲခြင်း၊ သားအိမ်တင်ခြင်း အမှုကိစ္စများကို မီးတွင်း၌ပင် ပြုလုပ်ပေးလေ့ရှိကြသည်။ ထို့အတူပင် အရက်မူးလွန်၍ အန်ဖတ်ဆို့ကာ အသက်ရှူပြွန်၊ ရေမြိုပြွန် ပိတ်၍ အသက်အန္တရာယ်ရှိသူများကို အရေးပေါ်အကြောပြင် အကြောဖွင့် ကုသပေးရခြင်းများရှိသဖြင့် အထက်ပါ

(၂)ချက်ကို မထည့်သွင်းခြင်းဖြစ်သည်။ အကြောပြင်ကုသခြင်း အတတ်ပညာတွင် အားနည်းချက်၊ အားသာချက်များရှိသည်။ အချို့ လူနာများသည် ဆေးသောက်ပျင်းသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်မှ ပျောက်မည့်ရောဂါ (ဥပမာ- ကျီးပေါင်း တက်ရောဂါ၊ လေဖြတ်ရောဂါ၊ အကြောသေရောဂါ)များ ဖြစ်နေသော်လည်း လေ့ကျင့်ခန်းလည်း မလုပ်ချင်၊ အကြောပြင်သော အခါတွင်လည်း အကြောပြင်ဆရာ၏ ထိရောက်သော ပြင်းထန်သော နှိပ်ကွက်များကို မခံချင်ကြပေ။ အချို့မှာ အညောင်းပြေ အနှိပ်ခံသော (massage)ဖြင့် ရောဂါပျောက်မည်ဟုထင်နေကြသည်။ (massage)သည် နိုင်ငံတကာတွင် ဇိမ်ခံသည့် အနှိပ်ခန်းများ သာဖြစ်ပြီး ရောဂါကုသ ပျောက်ကင်းနိုင်သည့်အဆင့်မဟုတ်ပေ။ ထို့ကြောင့် အကြောပြင်ပညာကို (manipulation)ဟု ခေါ်ပြီး အကြောပြင်ဆရာကို (manipulator)ဟုခေါ်ဆိုသည်။ ဆေးပညာဘွဲ့ရ manipulator တစ်ဦးသည် Level of Doctor. ဆရာဝန် အဆင့်ဖြစ်သည်။ အချို့နိုင်ငံရေးဝေါဟာရများတွင် (manipulator)ကို နောက်ကွယ်မှ ကြိုးကိုင်သူ အဖြစ်လည်းသုံးစွဲသည်။ massage ပြုလုပ်သည့်သူများကို massure ဟုခေါ်ပြီး Level of Doctor မဟုတ်ပေ။အကြောပြင်ပညာသည် မူသေပညာမဟုတ်ပေ။

ခေတ်ကာလရေစီးကြောင်းအတိုင်း အမြဲလိုက်၍ တိုးတက်ပြောင်းလဲနေသော ပညာဖြစ်သည်။ ဆေးပညာတွေ့ရှိမှုများ ပြောင်းလဲမှု အတိုင်း အကြောပြင်ကုသကွက်မျိုး ပြောင်းလဲတိုးတက်နေမှသာ ခေတ်မီအကြောပြင်ပညာဖြစ်ပေမည်။ အကြောပြင်ဆရာများ သည်ဆေးပညာ တိုးတက်မှုများအတိုင်း ကုထုံးကုကွက်အသစ်များကို အမြဲတီထွင်နေရမည်ဖြစ်ပါသည်။   ။

 ကြည်လွင်မြင့် (မုဒြာ)