ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၀၆၇ ဦးထပ်တိုး

နေပြည်တော် အောက်တိုဘာ  ၂၃

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၀၆၇ ဦးထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ၂၂-၁၀-၂၀၂၁ ရက် ည ၈ နာရီမှ ၂၃-၁၀-၂၀၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၈၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀၆၇ ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၅ ဒသမ ၃၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း  ၄၇၂၀၆၀၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၉၃၅၇၆ ဦးရှိပြီဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၂၈ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၅၅၁၇၆* ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၀ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၅၁၁ ဦးရှိသည်။

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာသူများခြင်းနှင့် အချို့နေရာများတွင် လူစုလူဝေးများပြားခြင်းများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာမှု   မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက် လျော့ကျလာစေရန် အတွက် ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို တိကျစွာလိုက်နာကြရန်ဖြစ်ပါသည်။  

အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့  သွား ရောက်ရန်နှင့် လူအများ စုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊ သံသယရောဂါ လက္ခဏာတစ်စုံတစ်ရာရှိပါက မိမိဘာသာ    ကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့သူများ အား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်  အနီးကပ် ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေး ခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မှတ်ချက်(*)၂၀၂၁ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိဆေးရုံများ၊ ကိုဗစ်ကုသရေး စင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် တပ်မတော်ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူခဲ့ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးသော လူနာများကို ပြန်လည်စိစစ်၍ ဆေးရုံဆင်း၊ ပြန်လည်သက်သာ လာသူများအား ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်ပါသည်။

(၅၀၀)