ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၂၁၃ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၆၈၇ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ  ၃ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၂၁၃ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၆၈၇ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၄ ဒသမ  ၃ ရာခိုင်နှုန်းရှိ

နေပြည်တော် အောက်တိုဘာ ၂၄

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို  စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၃-၁ဝ-၂ဝ၂၁) ရက် ည ၈  နာရီမှ(၂၄-၁ဝ-၂ဝ၂၁)ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၂၁၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၈၇ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄ ဒသမ ၈၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၇၃၄၈၁၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၉၄၂၆၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၆ဝ၅ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၅၆၇၈၁ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံ သေဆုံးသူ ၂၇ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ  စုစုပေါင်း  ၁၈၅၃၈  ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ ၂၃-၁ဝ-၂ဝ၂၁ ရက်နေ့ အထိ လူဦးရေ စုစုပေါင်း ၁၂၃၈၇၅၇၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၅၇ဝ၁၅၃၆ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၆၈၆ဝ၃၇ ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၃-၁ဝ-၂ဝ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၈ဝ၈၉၁ဝ၉ ကြိမ် ထိုးနှံပြီး ဖြစ်သည်။

သီတင်းကျွတ် ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားလာသူများခြင်းနှင့် အချို့နေရာများတွင်   လူစုလူဝေး များပြားခြင်းများ ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာမှု   မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို တိကျစွာ လိုက်နာကြရန်ဖြစ်သည်။  

အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့  သွားရောက်ရန်နှင့်  လူအများစုဝေးရာသို့ သွားရောက်ရန်များ ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး  တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူခြင်း၊ သံသယ  ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ    ကုသခြင်းမျိုး မဆောင်ရွက်ဘဲ  နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ် သတင်းပေးပို့၍ မိမိနှင့် အနီးကပ်ထိတွေ့သူများအား ကျန်းမာရေး ဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်  အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန်''နှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏    တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm  တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။