၂ဝ၂၂ အမျိုးသမီး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သုံးပွဲလုံး အနိုင်ရရှိပြီး ပေးဂိုးမရှိဘဲ ခြေစစ်ပွဲအောင်မြင်

၂ဝ၂၂ အမျိုးသမီး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သုံးပွဲလုံး အနိုင်ရရှိပြီး ပေးဂိုးမရှိဘဲ ခြေစစ်ပွဲအောင်မြင်

ရန်ကုန် အောက်တိုဘာ ၂၄

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအနေဖြင့် သုံးပွဲကစားခဲ့ရာ သုံးပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ကာ ပေးဂိုး တစ်ဂိုးမှမရှိခဲ့ဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့ကာ အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲသို့ ငါးကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်ရန် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီက ကာဂျစ်စတန်နိုင်ငံတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယူအေအီး လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(D) အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၈ ရက်က အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လက်ဘနွန် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ အုပ်စု ဒုတိယပွဲစဉ် အဖြစ် အောက်တိုဘာ ၂၁ ရက်က ဂူအန်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကစားခဲ့ရာ ရှစ်ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ယနေ့ကစားခဲ့သည့် ယူအေအီး လက်ရွေးစင်အမျိုးသမီး အသင်းနှင့်ပွဲစဉ်တွင်လည်း နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်အတွက် သုံးပွဲကစားခဲ့ရာ သုံးပွဲလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ပြီး ရမှတ် ကိုးမှတ်ရရှိခဲ့ကာ ပေးဂိုး တစ်ဂိုးမှ မပေးရအောင်စွမ်းဆောင်နိုင်ခဲ့သည့်အပြင် ရဂိုး ၁၄ ဂိုးဖြင့် အကောင်းဆုံး ပုံစံဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အမျိုးသမီး အာရှဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂ဝဝ၃ခုနှစ်၊ ၂ဝဝ၆ ခုနှစ်၊ ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၄ ခုနှစ်ပြိုင်ပွဲတို့တွင် လေးကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပြီး ယခုအခါ ၂ဝ၂၂ ပြိုင်ပွဲတွင် ငါးကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၂အမျိုးသမီး အာရှဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရ အသင်းများအဖြစ် အိန္ဒိယအသင်း၊ ပြီးခဲ့သည့် ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သည့် ဂျပန်အသင်း၊ သြစတြေးလျအသင်းနှင့် တရုတ်အသင်း စသည့်အသင်းလေးသင်းက အောင်မြင်ထားပြီး လက်ရှိတွင် ခြေစစ်ပွဲအဆင့်မှ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းပါအဝင် အင်ဒိုနီးရှားအသင်း၊ တောင်ကိုရီးယား အသင်း၊ ဖိလစ်ပိုင်အသင်း၊ အီရန်အသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့က ခြေစစ်ပွဲ အောင်မြင်ထားပြီဖြစ်သည်။

၂ဝ၂၂အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲကို လာမည့် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်မှ ဖေဖော်ဝါရီ ၆ ရက်ထိ အိန္ဒိယ နိုင်ငံတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။