ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်း လုပ်ဆောင်မှုကို တရုတ်တိုးမြှင့်မည်

ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်း လုပ်ဆောင်မှုကို တရုတ်တိုးမြှင့်မည်

ရာသီဥတု ပြောင်းလဲလာမှုကို ဖြေရှင်းနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေး နှင့်နည်းပညာ အကူအညီများ ပေးအပ်ကြရန်  တရုတ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအထူး သံတမန်ဖြစ်သူ ရှီကျန်းဟွာက ကမ္ဘာပေါ်ရှိဖွံ့ဖြိုးပြီး နိုင်ငံများကို တိုက်တွန်းသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဥရောပနိုင်ငံများနှင့်     အမေရိကန်ပြည်ထောင်စုတို့ အနေဖြင့်   အကျိုးဆက်များကို ရင်ဆိုင် ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ထို့ကြောင့် ယင်းနိုင်ငံများ အနေဖြင့် ထားရှိသည့် ကတိကဝတ်ကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း ရှန်ဟိုင်းမြို့တွင် အောက်တိုဘာ၂၃ ရက်၌ ကျင်းပသည့်  နှစ်စဉ်ကျင်းပမြဲ ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်တွင် ရှီကျန်းဟွာက   ပြောခြင်းဖြစ်သည်။ထားရှိသည့်    ကတိကဝတ်ဟု ဆိုရာတွင် အင်အားကြီးနိုင်ငံများ၊  တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများက ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား  သင့်လျော်လုံလောက်သည့် ငွေကြေး၊ နည်းပညာနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို ပေးအပ်ရန် ဆိုလိုခြင်းဖြစ်သည်။

ထို့ပြင်  ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရေး  လုပ်ဆောင်ရာတွင်    ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချနိုင်မည့် နည်းပညာအတွက် တရုတ်နှင့် အခြားနိုင်ငံများကြားရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများက ကဏ္ဍတစ်ရပ်တွင် ပါဝင်၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည်   အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ အပါအဝင် အခြားနိုင်ငံများ လက်တွေ့ ကျသည့်  ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် အပြင် green နည်းပညာနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျော့ကျစေသည့် နည်းပညာ ကဏ္ဍများတွင် တက်ကြွစွာ လုပ်ဆောင်နေသည်။ တရုတ်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချစေရေး ချမှတ်ထားသည့် ကတိကဝတ်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး ၎င်း၏ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည်အခြားဖွံ့ဖြိုးပြီးနိုင်ငံများက ထုတ်လုပ်သည့် ပမာဏထက် ပိုမိုများပြားနေသောကြောင့်ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန် တောင်းဆိုမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်ရှိ လူသန်းရာပေါင်းများစွာမှာ ရေကြီးမှုများနှင့် ကြုံတွေ့ရနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ လက်ရှိတွင် လူသန်း ၆၃ဝ ကျော်သည် လာမည့် ၂၁ဝဝ ပြည့်နှစ်တွင် ရေနစ်မြုပ်မှုများနှင့် ကြုံတွေ့နေရမည့် အန္တရာယ်နှင့်   ရင်ဆိုင်နိုင်ရဖွယ် ရှိသည်ဟု Nature Communications ဂျာနယ်တွင် အစောပိုင်းက ဖော်ပြထားသည်။

ထို့ပြင် အခြားလူသန်း ၃၄ဝ ကျော်သည်  ၂ဝ၅ဝ ပြည့်နှစ် အစောပိုင်းတွင် ရေကြီးမှုနှင့်  ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပညာရှင်များက သတိပေးထားသည်။

ထို့ကြောင့်   တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံများက  လက်ရှိ ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏကို လျှော့ချနိုင်ခြင်းမရှိပါက ကမ္ဘာ့နိုင်ငံအချို့မှပြည်သူအများအပြားမှာ ရေကြီးမှုအန္တရာယ်ကြောင့်  ၎င်းတို့၏နေအိမ်များကို စွန့်ခွာရမည့် အလားအလာရှိနေသည်။  ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင်မှာ ပြီးခဲ့သည့် ၂ဝ ရာစုအတွင်း၌ ၁၁ စင်တီမီတာမှ ၁၆ စင်တီမီတာ အထိ မြင့်တက်လာပြီဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် ၎င်းတို့ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏကို လျှော့ချကြရန် ကမ္ဘာ့ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော် လာခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ  ရာသီဥတု ပြောင်းလဲမှု၏ နောက်ဆက်တွဲ အကျိုးဆက်ကို နိုင်ငံအချို့က လက်တွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ အချို့နိုင်ငံများတွင် တောမီး အကြီးအကျယ် လောင်ကျွမ်းလျက်ရှိသည့်အပြင် အချို့နိုင်ငံများ၊ အထူးသဖြင့်  အာရှဒေသ၌  ရေကြီးမှုများ ဖြစ်ပေါ်လာနေပြီဖြစ်သည်။ ထို့ပြင် ရာသီဥတု ပြောင်းလဲလာခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည့် အပူလှိုင်းဖြတ်သန်းမှုများမှာ ယခင်ကထက် မကြုံစဖူးထူးကဲစွာဖြစ်ပွားလာခဲ့သည်။ အပူလှိုင်းဖြတ်သန်းမှု ကြောင့် အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်နှင့် ကနေဒါနိုင်ငံရှိအချို့ဒေသများတွင် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဖောက်ပြန်မှု၊ တောမီးလောင်ကျွမ်းမှု၊  လူအသေအပျောက် များစေနိုင်သည့် ရေလွှမ်းမိုးမှုများ မဖြစ်ပွားမီ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏကို လျှော့ချရေး လုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များအား ရာသီဥတုလေ့လာ စောင့်ကြည့်ရေး အဖွဲ့အစည်းများက တိုက်တွန်းထားပြီး  ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်မည်ဆိုပါက  ထွက်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ  အကျိုးဆက်များကိုပါ လျှော့ချနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ထွက်ပေါ်လာသည့်   အကျိုးဆက်များမှာ အလွန်စိုးရိမ်ဖွယ်ကောင်းသောကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှားသူများက တရုတ်အပါအဝင် ချမ်းသာကြွယ်ဝသည့်  ဖွံ့ဖြိုးပြီး နိုင်ငံများအား ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏကို လျှော့ချကြရန်  တိုက်တွန်းနေခြင်းဖြစ်သည်။

ယခုအခါ အာရှအင်အားကြီး နိုင်ငံအဖြစ် ရပ်တည်လာသည့် တရုတ်နိုင်ငံ အနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်းကို လျှော့ချနိုင်ရေးအတွက်  အင်တိုက်အားတိုက် လုပ်ဆောင်မည်ဟု  ကတိကဝတ်ပြုထားသည့် အပြင်  ကမ္ဘာပေါ်တွင်   ရေနံအများဆုံးထုတ်လုပ်တင်ပို့သည့်    ဆော်ဒီအာရေဗျ နိုင်ငံအနေဖြင့်လည်း လာမည့် ၂ဝ၆ဝ ပြည့်နှစ်ခန့်တွင်    နိုင်ငံက ထုတ်လုပ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သုညပမာဏအထိလျှော့ချရန်   ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။