ဂျိုးဘိုင်ဒင်-ရှီကျင့်ဖျင်တို့၏ ဆွေးနွေးပွဲကို အလျင်အမြန် ကျင်းပရန် ကြိုးပမ်းနေသည့် အမေရိကန်

ဂျိုးဘိုင်ဒင်-ရှီကျင့်ဖျင်တို့၏ ဆွေးနွေးပွဲကို အလျင်အမြန် ကျင်းပရန် ကြိုးပမ်းနေသည့် အမေရိကန်

အမေရိကန်နှင့် တရုတ်တို့ကြား  ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်ဆံရေး တင်းမာမှုမြင့်တက်လာသောကြောင့် နှစ်နိုင်ငံခေါင်းဆောင်များကြား ကျင်းပရန် စီစဉ်ထားသည့်   ထိပ်သီးဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး အတွက်   အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက   စီစဉ်လျက်ရှိသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား   ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်ကို ယခုနှစ်မကုန်မီ ကျင်းပရန် နှစ်နိုင်ငံစလုံးက ယခုလ အစောပိုင်းကတည်းက သဘောတူညီလိုက်ပြီဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသည် အမေရိကန်နှင့် တရုတ်တို့ ကြား ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်  ကုန်သွယ်ရေး သဘောထား ကွဲလွဲမှု၊ အမေရိကန်၊  ဗြိတိန်နှင့်   သြစတြေးလျတို့ကြား သုံးနိုင်ငံ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခဲ့မှု၊ တောင်တရုတ်ပင်လယ် အရေးတို့ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုမြင့်တက်နေစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။

ထို့ပြင် တောင်တရုတ် ပင်လယ်အရေး၊  တရုတ် (တိုင်ပေ) အရေးတို့နှင့် စပ်လျဉ်း၍လည်း နှစ်နိုင်ငံကြား သဘောထား ကွဲပြားလျက်ရှိသည်ဟု   ဆိုရမည်ဖြစ် သည်။

ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် ဒေသတွင်းရေးရာများနှင့် စပ်လျဉ်း၍  မှားယွင်းသည့်အချက်ပြမှုများ လုပ်ဆောင်ခြင်းမပြုရန် တရုတ်အစိုးရက ပြီးခဲ့ သည့် ရက်သတ္တပတ်အတွင်းကပင်  ဂျိုးဘိုင်ဒင်အား သတိပေး ပြောကြားခဲ့သည်။

လက်ရှိတွင်   အမေရိကန်အစိုးရသည်  တရုတ် (တိုင်ပေ) အရေးနှင့် စပ်လျဉ်း၍   ပြောဆိုချက်များသည် တရုတ်နိုင်ငံအတွက် အပြုသဘောဆောင်သည့် ပြောဆို လုပ်ဆောင်မှုများ အဖြစ် ထွက်ပေါ်လာခြင်း မရှိသည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးကိုပါ အဆိုးရွားဆုံး အဆင့်သို့ရောက်ရှိစေနိုင်သည့် ပြောဆိုလုပ်ဆောင် မှုများ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အမေရိကန်က သြစတြေးလျနိုင်ငံသို့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ရောင်းချရန် သဘောတူညီခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် တရုတ်တို့ကြား  တင်းမာလျက်ရှိသည်။  အမေရိကန်သည် သုံးနိုင်ငံ လုံခြုံရေးအဖွဲ့၏  သဘောတူညီချက်အရ နျူကလီးယား နည်းပညာကို သြစတြေးလျထံ လွှဲပြောင်း ပေးမည်ဖြစ်သည်။

ထိုသို့ တင်းမာနေစဉ် ရှီကျင့်ဖျင်အနေဖြင့် စကော့တလန်နိုင်ငံ  ဂလက်စဂိုမြို့၌ ကျင်းပမည့်  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲသို့လည်း တက်ရောက်မည့်   အလားအလာ မရှိသောကြောင့်  ဂျိုးဘိုင်ဒင်နှင့်  ရှီကျင့်ဖျင်တို့ကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်မည့် အလားအလာမရှိပေ။

ထို့ကြောင့်    ဆိုက်ဘာလုံခြုံရေးနှင့် စပ်လျဉ်း၍ ခေါင်းဆောင်နှစ်ဦး အနေဖြင့် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။   အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုနှင့် သဘောထား ကွဲလွဲမှုများကို လျှော့ချနိုင်စေရန်ပင်ဖြစ်သည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြားရှိ တင်းမာမှုများသည်  မကြာသေးမီက ပိုမိုမြင့်တက်လာခဲ့သည်။  အထူးသဖြင့် တောင်တရုတ် ပင်လယ်အရေးနှင့် အာရှ ဒေသတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးများနှင့် စပ်လျဉ်း၍ ကမ္ဘာ့အင်အား အကြီးမားဆုံးသော   ယင်းနှစ်နိုင်ငံ ကြားတွင်  သဘောထား ကွဲလွဲမှုများ   ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည်။

ထို့ကြောင့်  အဆိုပါ အင်အားကြီးနိုင်ငံများအနေ ဖြင့် ၎င်းတို့ကြား ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှု၊ အမြင်မတူညီမှုနှင့် ပြိုင်ဆိုင်မှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နိုင်ခြင်း မရှိပါက ပဋိပက္ခတစ်ခုအဖြစ် သို့  ပြောင်းလဲလာနိုင်သောကြောင့်   ဆက်ဆံရေး တင်းမာမှုကို  လျော့ကျလာစေရန်  အမေရိကန်မူဝါဒ ချမှတ်သူများက  ဂျိုးဘိုင်ဒင်နှင့်   ရှီကျင့်ဖျင်တို့၏  ဆွေးနွေးပွဲကို အလျင်အမြန် ကျင်းပနိုင်ရန် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။