အမေရိကန်၏ ဆိုက်ဘာနည်းပညာသုံး ပစ္စည်းများတင်ပို့မှု ထိန်းချုပ်ရေး ဥပဒေသစ်က မည်သည့်နိုင်ငံကို ပစ်မှတ်ထားသလဲ

အမေရိကန်၏ ဆိုက်ဘာနည်းပညာသုံး ပစ္စည်းများတင်ပို့မှု ထိန်းချုပ်ရေး ဥပဒေသစ်က မည်သည့်နိုင်ငံကို ပစ်မှတ်ထားသလဲ

အမေရိကန်အစိုးရသည် ဆိုက်ဘာနယ်ပယ်တွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ကမ္ဘာ့အင်အားကြီး နိုင်ငံများသို့ တင်ပို့ခြင်းကို ထိန်းချုပ်ဟန့်တားနိုင်မည့် စည်းမျဉ်း အသစ်များအား အောက်တိုဘာ ၂ဝ ရက် က  ဖော်ထုတ်ပြသလိုက်သည်။ ကမ္ဘာ့နိုင်ငံ အများအပြားတွင်  ဆိုက်ဘာတိုက်ခိုက်မှုများ  မြင့်တက်နေစဉ် အမေရိကန်အစိုးရက အဆိုပါ စည်းမျဉ်းအသစ်များ ချမှတ်ရန်  စီစဉ်ခြင်းဖြစ်သည်။  ဆိုက်ဘာနည်း ပညာသုံး ပစ္စည်းကိရိယာများ တင်ပို့ရာတွင် ကန့်သတ်ခံရသည့် အင်အားကြီးနိုင်ငံများ၌ ရုရှားနှင့် တရုတ် တို့ပါဝင်နေသောကြောင့်  အမေရိကန်နှင့်  အဆိုပါ အင်အားကြီးနှစ်နိုင်ငံတို့ကြား ဆိုက်ဘာတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍  တင်းမာမှုများ  ထပ်မံထွက်ပေါ်လာ မည့် အလားအလာရှိသည်။

အမေရိကန်အစိုးရသည် ဆိုက်ဘာ နည်းပညာသုံး ပစ္စည်းများ တင်ပို့ရေးကို ထိန်းချုပ်မည့် အဆိုပါစည်း မျဉ်းသစ်များအား လာမည့် သုံးလအတွင်း အသက်ဝင်စေရန် ပြဋ္ဌာန်းမည်ဖြစ်သည်။  ပြဋ္ဌာန်းမည့် ထိန်းချုပ်ရေး ဥပဒေသစ်အရ  အမေရိကန် ကုမ္ပဏီများအနေဖြင့်  တခြားပြည်ပနိုင်ငံများသို့ တင်ပို့မည့်  ဆိုက်ဘာနည်း ပညာသုံး ပစ္စည်းကိရိယာစာရင်းကို   မတင်ပို့မီ  အမေရိကန် ကုန်သွယ်ရေး ဗျူရိုဌာန၏ အတည်ပြုချက်ရယူ ရမည်ဖြစ်သည်။

တစ်နည်းအားဖြင့်  နိုင်ငံအတွင်းမှ  ထုတ်လုပ်လိုက်သည့် ဆိုက်ဘာနည်းပညာသုံး ကိရိယာများနှင့် ဆော့ဖ်ဝဲလ်များအား   ယခင်က  တခြားနိုင်ငံများသို့ အလွယ်တကူ တင်ပို့နေခြင်းကို   ကန့်သတ်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အမေရိကန် သည်  အမျိုးသား လုံခြုံရေးနှင့် စပ်လျဉ်း၍  ကန့်ကွက်ကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည်  ဆိုက်ဘာနည်းပညာကို အသုံးပြု၍ ဆိုက်ဘာ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို ကန့်ကွက်လျက် ရှိကြောင်း ကုန်သွယ်ရေးဗျူရို ဌာနမှ  ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။   အမေရိကန်၏   အဆိုပါ ဥပဒေသစ်သည် အဓိကအားဖြင့် ပြိုင်ဘက် အင်အားကြီးနိုင်ငံများ ဖြစ်သည့် ရုရှားနှင့်  တရုတ်နိုင်ငံတို့သို့  ဆိုက်ဘာလုံခြုံရေးအရ အထိအခိုက်မခံသည့် နည်းပညာများ ရောက်ရှိသွားမည်ကို ထိန်းချုပ်ရန်ပင်ဖြစ်သည်။ အမေရိကန်တွင် ၂ဝ၂၁ ခုနှစ် နှစ်ဝက်အတွင်းမှာပင် ဆိုက်ဘာတိုက်ခိုက်ခံရမှု အများအပြားရှိခဲ့ပြီး ယင်းတိုက်ခိုက်မှု များကြောင့်  အမေရိကန်အစိုးရသည်  အမေရိကန်ဒေါ်လာ သန်း ၅၉ဝ အကုန်အကျ ခံခဲ့ရသည်။

ယင်းငွေကြေး ပမာဏသည် ၂ဝ၂ဝ ပြည့်နှစ် တစ်နှစ်လုံးတွင် ဖြစ်ပွားသော    ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့်  ဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏထက်  ၄၂ ရာခိုင်နှုန်း မြင့်တက်နေသည်ကို  တွေ့ရသည်။ထို့ကြောင့် အမေရိကန်အစိုးရသည် ဆိုက်ဘာနည်းပညာသုံး ပစ္စည်းများ တင်ပို့မှုထိန်းချုပ်ရေး ဥပဒေသစ်များကို အလျင်အမြန် ချမှတ်ရန် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုများအနက် တချို့မှာ ရုရှားဘာသာစကား ပြောဆိုသည့် ဟက်ကာအဖွဲ့များ သို့မဟုတ် ရုရှားနိုင်ငံအတွင်း ထွက်ပေါ်လာသည့်    ဆိုက်ဘာ တိုက်ခိုက်မှုများဖြစ်သည်ဟု အမေရိကန်က စွပ်စွဲထားသည်။ အမေရိကန် အစိုးရ၏ အဆိုပါစွပ်စွဲချက်ကို  ရုရှားက ငြင်းဆိုထားသည်။ ထို့ပြင် အမေရိကန်ရှိ အကြီးဆုံး အသားထုတ် လုပ်ရောင်းချရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့်    JBS SA ကို အမည်မသိ ဟက်ကာအဖွဲ့တစ်ဖွဲ့က ယခုနှစ် ဇွန်လအတွင်းက ဆိုက်ဘာ တိုက်ခိုက်ခဲ့သည်ကို တွေ့ရ သည်။ အလားတူ အမေရိကန်ရှိ Colonial  Pipe-line ရေနံကုမ္ပဏီကို  ဟက်ကာများက ဇွန်လအတွင်းမှာပင်  ဆိုက်ဘာတိုက်ခိုက်ရာ ကုမ္ပဏီ၏ ကွန်ပျူတာ စနစ် ချွတ်ယွင်းသွားပြီးနောက် အမေရိကန်အာဏာပိုင်များက  ကွန်ပျူတာစနစ် အတွင်းသို့   ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် ဟက်ကာများကို အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်း ပေးအပ်ခဲ့ရသည်။

အမေရိကန်အစိုးရက  မကြာမီပြဋ္ဌာန်းမည့် ဆိုက်ဘာနည်းပညာသုံး ပစ္စည်းများ တင်ပို့မှု ထိန်းချုပ်ရေး ဥပဒေသစ်အရ ဆိုက်ဘာလုံခြုံရေးအရ ထိလွယ် ရှလွယ်သည့် နည်းပညာများကို  အီရန်နှင့်  မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် နိုင်ငံများသို့    တင်ပို့ခြင်းကို တားမြစ်မည်ဖြစ်သည်။ သို့သော် အမေရိကန်၏ ဥပဒေသစ်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ဆိုက်ဘာနည်းပညာများ စုဆောင်းနေမှုကို  လျော့ကျစေမည် ဟုတ်၊  မဟုတ် အတိအကျမသိနိုင်သေးပေ။

အချုပ်အားဖြင့်ဆိုရပါမူ အမေရိကန်အစိုး အနေဖြင့်  ပြိုင်ဘက်နိုင်ငံများ၊  နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ယူဆရသည့်    နိုင်ငံများသို့ ဆိုက်ဘာနည်းပညာသုံး ပစ္စည်းကိရိယာများ  တင်ပို့ခြင်း၊ တစ်ဆင့်ပြန်လည် ရောင်းချခြင်းတို့ကို ထိန်းချုပ် နိုင်ရေးအတွက်  ဥပဒေအသစ်များ  မကြာမီချမှတ် ပြဋ္ဌာန်းတော့မည်ဖြစ်သည်။ ထိုသို့  ဥပဒေအသစ်များ ချမှတ်ရာတွင် အမေရိကန် မူဝါဒချမှတ်သူများအနေဖြင့် ဆိုက်ဘာကာကွယ်ရေးကဲ့သို့သော နယ်ပယ်များတွင်  နည်းပညာကို  တရားဝင် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်ညီမျှမှုရှိစေရန် ကြိုးပမ်းနေရမည့် အခြေအနေရှိသောကြောင့် အမေရိကန်၏ အဆိုပါ ဥပဒေသစ်များသည် ရှုပ်ထွေးခက်ခဲမည့် အလားအလာ ရှိသည့်အပြင် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ကြား တွင်ပါ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ တင်းမာမှုများ  ထွက်ပေါ်လာစေနိုင်ကြောင်း  ရေးသား တင်ပြ လိုက်ရပါသည်။