မြို့သစ်မြို့နယ်၌ အောင်ပန်းဒေသထွက် အာလူးများ ဈေးကောင်းရရှိ

မြို့သစ်မြို့နယ်၌ အောင်ပန်းဒေသထွက် အာလူးများ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး    မြို့သစ်မြို့နယ် စည်ပင်သာယာ ဈေးအတွင်းသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)  အောင်ပန်းဒေသမှ ထွက်ရှိ သည့် အာလူးများမှာ ယခင်ရက်ကထက်  ဈေးကောင်း ရရှိနေကြောင်း အာလူးရောင်းချသူများထံမှ သိရသည်။

အဆိုပါ အောင်ပန်းဒေသ အာလူးများသည် လက်ရှိတွင် မြို့သစ်မြို့စည်ပင်သာယာ ဈေးသို့ တစ်ရက်လျှင် ခြောက်ဘီးယာဉ်နှစ်စီးဖြင့် သုံးရက်တစ်ခါ  ပုံမှန်ဝင်ရောက်လျက်ရှိပြီး  ဈေးနှုန်းများမှာလည်း   ယခင်ရက်များထက် ဈေးကောင်း ရရှိနေကြောင်း၊   ပြီးခဲ့သည့် နှစ်ပတ်ခန့်က အာလူးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးငွေကျပ် ၇ဝဝ မှ ၁၂ဝဝ ထိ ရရှိခဲ့သော်လည်း၊ လက်ရှိတွင်  အာလူးတစ်ပိဿာလျှင် ငွေကျပ်၂၄ဝဝ ထိ ဈေးနှုန်း ရရှိနေကြောင်း   မြို့သစ်မြို့လယ်ပြင်ရပ်မှ အာလူးကုန်သည် ဦးထိုက်ကပြောသည်။

''လက်ရှိမှာ အာလူးက အဓိကစိုက်ပျိုးတဲ့ အောင်ပန်းဒေသ ဘက်ကပဲ ထွက်ရှိပြီး ဝင်ရောက်လာတာပါ။  ကျန်တဲ့ဒေသက  အာလူးတွေဈေးကွက်ကို  ဝင်ရောက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် အာလူးက အဝင်နည်းသွားပါတယ်။    မနှစ်ကအာလူးဈေးကမကောင်းဘူး။ အရှုံးပေါ်တာကြောင့် တောင်သူတွေက ဒီနှစ်မှာ မစိုက်ကြတော့ဘူး။ အာလူးစိုက်ဧကတွေ ထက်ဝက်ခန့်ကို လျော့သွားပါတယ်။ အဲဒါကြောင့် အာလူးဈေးတွေကမြင့်တက်လာပြီး  ဈေးကောင်း ရရှိနေကြတာပါ''ဟု   လယ်ပြင်ရပ်ကွက် ကုန်သည် ဦးထိုက်က ထပ်မံပြောသည်။

အောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိတွင် မြို့သစ်ဈေးကွက်သို့ သုံးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းမှာလည်း ကောင်းမွန်လျက် ရှိကြောင်း သိရသည်။