နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

နေ့စဉ်လူတို့ရဲ့ ပြုမူနေထိုင်စားသောက်ပုံအမှားက တစ်ဆင့် အသည်းရောဂါတွေရရှိလာတယ်။ လူသားတွေ အသက်ရှင်နေထိုင်ရေး အတွက် သဘာဝမဟုတ်တဲ့ ဓာတ်မြေသြဇာသုံးကာ သီးပင်စားပင်တွေစိုက်ပျိုးလာတယ်။ ပိုးမွှားအန္တရာယ်ကင်းဖို့ ပိုးသတ်ဆေးအသုံး ပြုကြတယ်။ ရရှိတဲ့သီးပင်စားပင်တွေမှာ ဓာတ်ကြွင်းအန္တရာယ်ရှိနေတယ်။ လူတို့ပယောဂကြောင့် မူးယစ် ဆေးဝါး၊ စိတ်ကြွဆေး၊ ဘိန်း၊ ဆေးခြောက်၊ အရက်မျိုးစုံ၊ ဘီယာတို့က အသည်းရောဂါမျိုးစုံ ခံစားရရှိစေတယ်။ လူ့ပယောဂကြောင့် စားသောက်ကုန် တွေမှာဆိုးဆေး၊ ဓာတုဆေးမှုန့်တွေရောနှောကာ လူသားတို့အသည်းထိခိုက်စေတယ်။ ဓာတုပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာ ဆီကျခြင်း၊ အပင်အားဆေး၊ အသီးအား ဆေး၊ အရွက်အားဆေး၊ အထားခံဖို့ဖော်မလင် စတဲ့မသုံးသင့်တဲ့ဓာတုဆေးများ အသုံးပြုလို့ လူတွေကြောင့်လူတွေမှာ အသည်းရောဂါဖြစ်လာကြတယ်။ ရောဂါဖြစ်မှရတဲ့ ရောဂါလက္ခဏာတွေက ကိုယ်စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အော်ဂလီ ဆန်ခြင်းများ ဖြစ်လေ့ရှိပါတယ်။ ကပ်ပါးပိုးကြောင့် အသည်းရောဂါများရနိုင်တယ်။

အမီးဘားဝမ်းကိုက်ပိုး

အမီးဘားဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ပိုးအသည်း ကိုရောက်ရှိခြင်းဖြစ်စေနိုင်တယ်။ အမီးဘားကအသည်းမှာ ပြည်တည်နာ ဖြစ်ခြင်းဖြစ်တယ်။ လူနာရဲ့ အသည်းကကြီးလာပြီး ညာဘက်နံစောင်း အောင့်လာတယ်။ အဖျားတက်လာတယ်။ တက်လိုက်၊ ကျလိုက်၊ တုန်ပြီးဖျားလို့ ငှက်ဖျားနဲ့မှားတတ်တယ်။ ရောဂါ ပျောက်ကင်းအောင်ဆေးပတ်လည်အောင် မကုသ ပါက အသည်းထဲက ပြည်တည်နာပေါက်ပြီး အဆုတ် နှလုံးစတဲ့ အခြားအင်္ဂါအစိတ်အပိုင်းရောက်သွားလို့အသက်အန္တရာယ်ဖြစ်စေတယ်။

ငှက်ဖျားပိုး

ငှက်ဖျားပိုးကြောင့် အသည်းကြီးနိုင်တယ်။ ငှက်ဖျားပိုးက ကိုယ်ထဲဝင်ရောက်တဲ့အခါ ပထမဆုံးတိုက်ခိုက်ခံရတဲ့ အင်္ဂါက အသည်းဖြစ်တယ်။ ခန္ဓာကိုယ်ထဲဝင် ရောက်တဲ့ ဗက်တီးရီးယားက အသည်းဆဲလ်တွေရောက် ရှိပြီး အသည်းရောင်ခြင်းဖြစ်တယ်။

သန်ကောင်ကပ်ပါးပိုး

သန်လုံးကောင် စတဲ့ သန်ကောင်ကပ်ပါးပိုးကြောင့် သည်းခြေပြွန်တစ်လျှောက် ပိတ်ဆို့ကျောက်တည်နိုင်တယ်။ အချို့ရောဂါရှင် တို့ဟာ လက်ပတိုစပိုင်ရိုးဆစ်ကြောင့် အသည်းရောင်အသားဝါဖြစ်ပြီး သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးနိုင်တယ်။ ကြွက်ရဲ့ ကျင်ငယ်ရည်ကတစ်ဆင့်လည်း ရောဂါရစေနိုင်တယ်။

လက်ပတိုစပိုင်ရိုးဆစ်ဟာ ခွေး၊ ဝက်၊ ကြက်၊ ငှက်တို့ရဲ့ သွေးနဲ့ကျင်ငယ်ရည်တွေမှာ ပါဝင်နိုင်သေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ သွေးထဲရောက်ရှိခဲ့ရင် အပူချိန်မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးနှင့်အရေပြားဝါခြင်းတို့ ဖြစ်တတ်တယ်။ အထင်ရှားဆုံးက ရောဂါသည်ရဲ့ မျက်လုံးအိမ်အဖြူမှာပါ သွေးခြေဥလာခြင်းဖြစ်တယ်။ ခန္ဓာကိုယ်ကြွက်သားတွေ အထိမခံနိုင်အောင် နာကျင်ပြီး  အသည်းရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ အစာအိမ်အူလမ်းကြောင်းရောင်ခြင်း ဖြစ်စေတယ်။ ထိရောက်သေချာစွာမကုသပါက သေဆုံးနိုင်တယ်။

သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်ဟာ သွေးအတွင်း ကိုလက်စထရောမြင့်မားရာက သည်းခြေပြွန်မှာ အဆီအခဲပိတ်ဆို့ခြင်း၊ သန်ကောင်ပိတ် ဆို့ခြင်း၊ သည်းခြေရည် မထွက်နိုင်ဘဲပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်စေတယ်။ ဝေဒနာလုံးဝမပြဘဲ သေတဲ့အထိရှိနေနိုင်တယ်။ ဝေဒနာ လက္ခဏာ လုံးဝမပြလို့ ကုသဖို့မလိုဘူး။

မခံမရပ်နိုင် ညာဘက်နံစောင်းအပေါ်နားက အောင့်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ အဖျားကြီးခြင်းတို့မှာ သည်းခြေကျောက်ရဲ့ လက္ခဏာဖြစ်တယ်။ ဆေးသောက်ပါက ခဏသာသက်သာပြီးပြန်ဖြစ်တယ်။ ရုတ်တရက် သည်းခြေအိတ်ရောင်ခြင်းသည် သည်းခြေ ပြွန်ပိတ်ခြင်းကြောင့် ဖြစ်လာရတယ်။

နာတာရှည်သည်းခြေအိတ်ရောင်ခြင်း

နာတာရှည်သည်းခြေအိတ်ရောင်ခြင်းမှာ အစာစားပြီးပါက ဝမ်းဗိုက်ညာဘက်အထက်ပိုင်း မခံမရပ်နိုင်အောင်နာကျင်လာတယ်။ သည်းခြေကျောက်ရဲ့ဆိုးကျိုးက သည်းခြေအိတ်ပြည်တည်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ သည်းခြေအိတ်နှင့် အူသိမ်၊ သို့မဟုတ် အူမကြီးကြား လမ်းကြောင်းလွှဲဖြစ်ပေါ်ခြင်း၊ အူလမ်း ကြောင်း ပိတ်ဆို့ခြင်း၊ သည်းခြေအိတ်ကင်ဆာဖြစ်ခြင်းတို့ဖြစ်တယ်။

အသက်ကြီးသူများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အဝလွန်သူများ၊ ရုတ်တရက်ကိုယ်အလေးချိန်လျှော့ချသူများ၊ သည်းခြေကျောက် တည်ခြင်းမျိုးရိုးရှိသူများ၊ သည်းခြေရည် စီးဆင်းမှုမကောင်းခြင်း၊ ဥပမာ-အစာအာဟာရကို သွေးကြောမှ ရရှိသူ တွေမှာ ရောဂါဖြစ်နိုင်တယ်။

အသည်းရောင်စေတဲ့ရောဂါပိုးမွှားများ

အသည်းရောင်စေတဲ့ရောဂါပိုးမွှားတွေမှာ အသည်းရောင်ဗိုင်းရပ် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ဆိုင်တိုမက်ကလိုဗိုင်းရပ်၊ ဟားပီးဗိုင်းရပ်၊ အဝါဖျားဗိုင်းရပ်တို့ဖြစ်တယ်။ အသည်းရောင်ဗိုင်းရပ်အနေနဲ့ အေနဲ့အီး၊ အက်ဖ်တို့ဟာ ရေနှင့်အစားအသောက်ကတစ်ဆင့် ကူးစက် နိုင်တယ်။ အပြင်းအထန်အသားဝါ၊ ဆီးဝါ၊ ဖျားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အလိုအလျောက် ပျောက်နိုင်တယ်။ အသည်းရောင် ဘီ၊ စီ၊ ဒီနဲ့ ဂျီတို့ဟာ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိသူရဲ့ သွေးသွင်းမိခြင်း၊ ရောဂါရှိသူရဲ့ သွားပွတ်တံ၊ လက်သည်းညှပ် မုတ်ဆိတ်ရိပ်ဓား ရောဂါကုသပေးတဲ့ဆရာဝန်၊ သူနာပြုတွေမှာ ရှနာကတစ်ဆင့် အပ်စူးတာကတစ်ဆင့် ကူးစက်နိုင်တယ်။

အသည်းရောင်ဘီဗိုင်းရပ်မှာ ကာကွယ်ဆေးရှိတယ်။ ကလေးဘ၀ ကာကွယ်ဆေးငါးမျိုးထိုးခြင်း၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊  အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်) ဆေးငါးမျိုးပါ ကာကွယ်ဆေးကို နှစ်လ၊ လေးလနဲ့ ခြောက်လအရွယ်မှာ ထိုးပေး လေ့ရှိတယ်။ လူကြီးတွေ အသည်းရောင်ဘီ ကာကွယ်ဆေးကို တစ်လတစ်ကြိမ်၊ သုံးလဆက်သုံးကြိမ်ထိုးသင့်တယ်။ ပထမအကြိမ် ထိုးပြီးငါးနှစ်မှာ အသည်းရောင်ဘီကာကွယ်ဆေးထိုးခြင်းက  တစ်သက်တာ  အသည်းရောင်ကာကွယ်ပြီးဖြစ်တယ်။

အသည်းရောင်စီမှာ ကုသဆေးရရှိနေပါပြီ။ ဆေးဝါးအတွက် ငွေကုန်ကျမှုများပြားလှတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အသည်းဝါစီနဲ့ အခြားရောဂါ ဥပမာ-HIVသို့မဟုတ် အသည်းရောင်ဘီကူးစက်သူတွေမှာ အသည်းရောင်စီ ကူးစက်ခံရသူများကို ဦးစားပေးကုသဆေးပေးနေပါတယ်။

လူကြောင့်ဖြစ်သောအသည်းရောင်ခြင်း

အသည်းရောင်ခြင်းအမျိုးမျိုးထဲမှ လူကြောင့်ဖြစ်တဲ့ အသည်းရောင်ခြင်းမှာ (အဓိက) အရက်သောက်ခြင်းကြောင့်ဖြစ်တယ်။ မြန်မာ နိုင်ငံမှာစံမီတဲ့ အရက်ကောင်းများသောက်သုံးကြရခြင်းမရှိဘဲ  ဒေသလုပ်ချက်အရက်များသာ သောက်သုံးနေကြရပါတယ်။ ဒေသ သုံးချက်အရက်တွေမှာ ယူရီးယားဓာတ်မြေသြဇာ၊ ပလတ်စတစ်အင်ဒရင်း၊ ဆာလဖျူရစ်အက်စစ် စတဲ့သောက်သုံးရန် လုံးဝ မဖြစ်သင့်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ချက်လုပ်ထားလို့ရေရှည်သောက်သုံးသူများ အသည်းရောင်ရောဂါမြန်မြန်ဖြစ်စေပါတယ်။ တစ်ဆက် တည်း သောက်သုံးသွားပါက  ခန္ဓာကိုယ်ရဲ့  ခုခံမှုစနစ်ပျက်စီးစေခြင်း၊ အသည်းပျက်စီးစေခြင်း၊ အစာအိမ်အူလမ်း ကြောင်းပျက်စီး စေခြင်း၊ နှလုံးနှင့်သွေးကြောစနစ် ပျက်စီးစေခြင်း၊ ဦးနှောက်နှင့်အာရုံကြောစနစ် ပျက်စီးစေခြင်းစတဲ့ ဆိုးကျိုးများသာခံစားရပြီး    အရွယ်မတိုင်ခင် အသည်းကြွပ်ဆတ်ရောဂါ၊ အသည်းကင်ဆာရောဂါတို့နှင့် ကွယ်လွန်သွားကြရပါတယ်။

ယနေ့ထက်တိုင် နိုင်ငံခြားက စံမီတဲ့အရက်တွေ တင်သွင်းမှုပိတ်ပင်ခဲ့ရင် ဒေသလုပ်စံမမီသောက်သုံးသူများအနေနှင့် အသည်းနဲ့ ဆိုင်တဲ့ ရောဂါများ စောစောရရှိကာအသက်ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်ကို လူမှုရေးပြဿနာအဖြစ်သာမက နိုင်ငံတော် ကျန်းမာရေး အဆင့်အခြေအနေထိ  စဉ်းစားသင့်ပါတယ်။ အရက်သောက်သုံးမှုများ  အရက်ဖြတ်နိုင်အောင်စနစ်တကျ စီစဉ်ပေးသင့် ပါတယ်။     ။

 ဒေါက်တာလွင်သန့်