အမေရိကန် အပါအဝင် နိုင်ငံ ၁ဝ နိုင်ငံမှ သံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဟု တူရကီသမ္မတ ညွှန်ကြား

အမေရိကန် အပါအဝင် နိုင်ငံ ၁ဝ နိုင်ငံမှ သံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဟု တူရကီသမ္မတ ညွှန်ကြား

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အိုစမန်ကာဗာလာကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ သံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ရန် တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနအား ညွှန်ကြားခဲ့ကြောင်း သမ္မတ ရီဆပ်တေရစ်အာဒိုကန်က အောက်တိုဘာ ၂၃ ရက်တွင် ကြေညာသည်။

ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင်နှင့် အမေရိကန်သံရုံးတို့သည် တူရကီ အစိုးရက လေးနှစ်နီးပါးကြာ ဖမ်းဆီးထိန်းသိမ်းထားသော  အိုစမန်ကာဗာလာကို လွှတ်ပေးရန် အောက်တိုဘာ ၁၉ ရက်တွင် ပူးတွဲမေတ္တာရပ်ခံချက် တစ်ခု  ထုတ်ပြန်ခဲ့သည်။

အဆိုပါနေ့မှာပင် ယင်းနိုင်ငံ ၁ဝ နိုင်ငံစလုံးမှ သံအမတ်များကို တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီးနောက်တွင် သံတမန် ကျင့်ဝတ်ကို   ချိုးဖောက်သည့် နိုင်ငံများမှ အဆိုပါ သံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဟု   အာဒိုဂန်က ခြိမ်းခြောက်ပြောဆိုသည်။

အိုစမန်ကာဗာလာသည် လူသိများ ကျော်ကြားသော တူရကီစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူလည်းဖြစ်သည်။ ထို့ပြင် ၎င်းသည် Anadola Kaltus ဖောင်ဒေးရှင်းကို တည်ထောင်သူတစ်ဦးဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် မျိုးနွယ်စုများနှင့် ဘာသာရေးဆိုင်ရာ စီမံကိန်းများကို မြှင့်တင်သည့်အဖွဲ့အစည်းဖြစ်ပြီး အထူးသဖြင့် တူရကီနှင့် အမေရိကန်လူမျိုးများ အကြား  စေ့စပ်ညှိနှိုင်းပေးသည့်အပြင် ကာ့ဒစ်အရေးကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးသူလည်း ဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တူရကီတရားရုံးက ၂ဝ၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြမှုနှင့် ပတ်သက်၍ ကာဗာလာအား စွပ်စွဲထားမှုများတွင် အပြစ်မရှိကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။

သို့သော် ယင်းနေ့တစ်နေ့တည်းမှာပင် အောင်မြင်ခြင်း မရှိခဲ့သည့် ၂ဝ၁၆ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကာဗာလာကို စွဲချက်တင်ကာ အစ္စတန်ဘူ အစိုးရရှေ့နေရုံးက ဖမ်းဝရမ်းအသစ် ထုတ်ပြန်ခဲ့သည်။ ကာဗာလာကမူ ၎င်းအားစွပ်စွဲချက် အားလုံးကို ငြင်းဆိုထားကြောင်း သိရသည်။