တနင်္သာရီ ကမ်းရိုးတန်းရေပြင်၌ ကင်းမွန်ဖမ်းဆီးသည့် ရာသီရောက်ရှိလာသောကြောင့် လုပ်ငန်းများ ပြန်လည်စတင်

တနင်္သာရီ ကမ်းရိုးတန်းရေပြင်၌ ကင်းမွန်ဖမ်းဆီးသည့် ရာသီရောက်ရှိလာသောကြောင့် လုပ်ငန်းများ ပြန်လည်စတင်

တနင်္သာရီ ကမ်းရိုးတန်းရေပြင်၌ မိုးရာသီကာလတွင် ရပ်နားထားသည့်  ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းသည်  ယခုအခါ ရာသီဖွင့်ကာလ ရောက်ရှိလာပြီဖြစ်၍ လုပ်ငန်းများပြန်လည်စတင် ဆောင်ရွက်နေကြပြီး ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်သည့်အတွက်  ထိုင်းနိုင်ငံဈေးကွက် တစ်ခုသာရှိကြောင်း ကင်းမွန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရ သည်။

''ကင်းမွန်ဖမ်းရာသီကို  ပုံမှန်က သီတင်းကျွတ်ပြီးရင်    ရာသီဖွင့်လို့ သတ်မှတ်ပြီး အောက်တိုဘာလလယ် ဆိုရင် စတင်ကြပါတယ်။ ဒီလုပ်ငန်းက ကျွန်းကိုမှီခိုပြီး လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကင်းမွန်ဖမ်းဆီးတဲ့ လုပ်ငန်းက ကျွန်းနားကမ်းနားမှာ လုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်ပါတယ်'' ဟု  မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက ပြောသည်။

ကင်းမွန်ဖမ်းဆီးခြင်း လုပ်ငန်းလုပ်ကိုင်ရာတွင်   ဒေသခံကမ်းဝေး လှေအနေဖြင့် အထွက်စရိတ် တစ်လလျှင် ငွေကျပ် သိန်း ၁၅ဝ နှင့်  သိန်း ၂ဝဝ ကြား ကုန်ကျပြီး ကမ်းနီးလှေငယ်အနေဖြင့်  အထွက်စရိတ် ငွေကျပ် သိန်း ၅ဝ မှ  ၇ဝ ကြား ကုန်ကျကြောင်း သိရသည်။

''မြိတ်ဒေသအနေနဲ့  ကြည့်မယ်ဆိုရင် မောတောင်လမ်းကြောင်းကို ကင်းမွန်တွေ မအေးခဲဘဲပို့ရရင် ကုန်ကျစရိတ်သက်သာမှာပါ။ မောတောင်လမ်းကြောင်းက ကင်းမွန်ကို အစိမ်းပို့ခွင့် မပေးထားဘဲ အေးခဲပြီးမှပို့လို့ ရပါတယ်။ အေးခဲပြီး ပို့ရတဲ့အတွက် မြိတ်ဒေသမှာ မီတာခနဲ့  အေးခဲခ ပိုကုန်ကျပါတယ်။ ရန်ကုန်မှာ အေးခဲခ တစ်ကီလိုကို  ငွေကျပ်  ၁၅ဝ  လောက်ပဲရှိပြီး    မြိတ်မှာ တစ်ကီလိုကို ငွေကျပ် ၅ဝဝ လောက်ရှိတော့ အေးခဲခ တော်တော်ကုန်ပါတယ်။ ဒေသထဲကို   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ဝင်လာရင်တော့  ဒေသအတွက် အကျိုးရှိမှာပါ'' ဟု  မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်ကပြောသည်။

ကင်းမွန်ဖမ်းဆီးခြင်းကို လုပ်ငန်းသဘော  သဘာဝအရ မြန်မာလဆန်း၊ လဆုတ်ရက် များတွင်  လုပ်ငန်းလုပ်ကိုင်ကြ၍ ကင်းမွန် လှေများက လဆုတ် ၂ ရက်တွင် လုပ်ငန်း စတင်လုပ်ကိုင်ကြကာ    ပင်လယ်ထဲတွင် ၂၃  ရက်ခန့် လုပ်ငန်း လုပ်ကိုင်ကြပြီးနောက်  ကမ်းကို  ပြန်လည် ဝင်ရောက်ကြကြောင်း သိရသည်။

တနင်္သာရီကမ်းရိုးတန်း ရေပြင်၌ မြိတ်ခရိုင်   ကမ်းမွန်လုပ်ငန်းရှင်များ အသင်းဝင် ဒေသခံ   ကမ်းဝေးကင်းမွန်လှေ အစင်းရေ ၃ဝဝ  ခန့်နှင့်   ဒေသခံကင်းမွန် လှေငယ်အစင်းရေ ၁ဝဝဝ ခန့်ဖြင့် ကင်းမွန်ဖမ်းဆီးခြင်း လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။