အကိုက်အခဲပျောက်ဆေးများနှင့် ဘေးထွက်ဆိုးကျိုးအန္တရာယ်

အကိုက်အခဲပျောက်ဆေးများနှင့် ဘေးထွက်ဆိုးကျိုးအန္တရာယ်

ယနေ့ခေတ် လူအများစုသည် ရောဂါတစ်ခုခုဖြစ်ပါက ဆေးသောက်မှ မြန်မြန်နေကောင်းလာမယ်ဟု  ထင်မှတ်မှားကာ ဆေးရုံ၊ ဆေးခန်းသို့  မသွားကြတော့ဘဲ နီးစပ်ရာ ရပ်ကွက်ဆေးဆိုင်ငယ်လေးများမှ စပ်ဆေးများကို    အလွယ်တကူဝယ်ယူသောက်သုံးခြင်း၊ ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ အကိုက်အခဲပျောက်ဆေးနှင့် သွေးကျဲဆေးများတွဲဖက်၍ သောက်သုံးခြင်း၊ စတီးရွိုက်ပါသော ဆေးများ သောက်သုံးခြင်းရှိနေကြသည်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာရသည်။ သောက်ဆေး မှမဟုတ် အခြားသော အကိုက်အခဲပျောက် ထိုးဆေး၊ အကြောဆေး၊ စအိုထဲထည့်တဲ့ ဒုံးကျည်တောင့် စသည့်ဆေးဝါးများအားလုံးကို   နည်းမှန်လမ်းမှန် မသုံးတတ်လျှင် ဘေးဖြစ်စေပါသည်။

လေ့လာကြည့်ရာ၌ နာကျင်ကိုက်ခဲမှု သက်သာစေရေးအတွက် ကမ္ဘာတစ်ဝန်း လူသန်းနှင့်ချီ၍   အကိုက်အခဲပျောက်ဆေးများကို သုံးစွဲနေကြသည်။  အကိုက်အခဲပျောက်ဆေးများ   စွဲလမ်းခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့်    ရုပ်ပိုင်းဆိုင်ရာ ဘေးထွက် ဆိုးကျိုးများ အဖြစ် မကြာခဏ အိပ်ရာမှနိုးခြင်း၊ မူးမော်ခြင်း၊ ဝမ်းချုပ်ခြင်း၊   အော့အန်ခြင်း၊   အပေါ်ပိုင်းသို့ လေချဉ်များဆန်တက်ခြင်း၊ ဝမ်းလျှော ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ ဟော်မုန်းထုတ်လုပ်မှု လျော့နည်းခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူုပြဿနာကြုံခြင်း၊ ဆေးစွဲခြင်း၊ ဆေးလွန်ခြင်းတို့ကို ခံစားရတတ်သည်။ သို့သော် ၎င်းင်းဆေးကို မှီဝဲလေ့ရှိသောလူအများစုက   အကိုက်အခဲ ပျောက်ဆေးကြောင့်ဖြစ် သည်ကို သတိမပြုမိဘဲ ရှိနေတတ်ကြသည်။

ပါရာစီတမော၏ ဘေးထွက်ဆိုးကျိုးများ

မြန်မာနိုင်ငံ၌ ပါရာစီတမော အကိုက်အခဲပျောက်ဆေးကိုလူသိများကာ အိမ်တိုင်းနီးပါး ဆောင်ထားလေ့ရှိပြီး ဆရာဝန် ဆေးညွှန်း မပါဘဲ  မိမိသဘောအတိုင်း တွင်ကျယ်စွာ သောက်သုံးနေကြသည်။ ၎င်းဆေးဝါးသည် ခေါင်းကိုက်ခြင်း၊  ကိုယ်လက်အဆစ် အမျက်ကိုက်ခဲခြင်း၊ ရာသီလာစဉ်ကိုက်ခဲခြင်းအပါအဝင် ဖျားနာ၍ကိုက်ခဲခြင်း၊ ဖျားချင်သလိုလိုဖြစ်ခြင်းတို့အတွက် သောက်သုံးနိုင် ပါသည်။ 

ပါရာစီတမောဆေးပြားကို ၅၀၀ မီလီဂရမ်သောက်ဆေးအဖြစ် တွေ့ရသည်။ ထို့ပြင် အရည်ပုံစံနှင့် စအိုတွင်းသို့သွင်းသော ဆေးတောင့်ပုံစံအဖြစ်လည်း တွေ့ရပြီး ကလေးများအတွက် အရည်ကိုသုံးသင့်ပါသည်။ ပါရာစီတမောသည် အခြားသော အကိုက်အခဲ ပျောက်ဆေးပြင်းများကဲ့သို့ အစာအိမ်ထိခိုက်မှုမရှိသလောက် နည်းပါးသော်လည်း ၎င်းဆေးပြားကို တစ်နေ့သုံးကြိမ်ထက်ပို၍  သောက်သုံးမိပါက အသည်းကို ထိခိုက်စေသည်။

လူတစ်ဦးနှင့်တစ်ဦး ဘေးထွက်ဆိုးကျိုး မတူညီကြပေ။ တချို့က ဆေးသောက်ပြီး နာရီပိုင်းအတွင်း ဘေးထွက်ဆိုးကျိုးခံစားရပြီး တချို့က ရက်သတ္တပတ်သောက်ပြီး တချို့က တစ်လခန့်အကြာမှ  ဖြစ်ပေါ်ခံစားရသည်။ ကိုယ်ခံစွမ်းအားပေါ်မူတည်၍ အသက်ကြီး သူများနှင့် ယခင်ကတည်းက အစာအိမ်ရောဂါအခံရှိသူများတွင် အဖြစ်များသည်။ ပါရာစီတမောကို ဆေးဝါးဈေးကွက်တွင် Paracetamol, Calpol, Panadol, Lensen, Biogesic, Servigesic, Tylenol စသည့် အမည်များဖြင့်လည်း တွေ့မြင်နိုင်ပြီး ဆေးတစ်မျိုး ချင်းစီအလိုက် ဖော်စပ်ထားသော ပစ္စည်းပါဝင်မှုပေါ်မူတည်၍ ဆေးစွမ်းအာနိသင်မှာလည်း တစ်မျိုးစီရှိကြသည်။  ထို့ကြောင့် ၎င်းဆေးဘူး၊ ဆေးကတ်ပေါ်တွင် ဖော်ပြထားသောအညွှန်းကို သေချာလေ့လာပြီးမှ သုံးစွဲသင့်ပါသည်။ သို့သော် တတ်သိနားလည်သော ဆရာဝန်၏ညွှန်ကြားမှုအတိုင်း သုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မလာအောင် ကြိုတင် ကာကွယ် ထားနိုင်ပါလိမ့်မည်။

အက်စပရင်ဆေးပြား၏ ဘေးထွက်ဆိုးကျိုးများ

အက်စပရင်ဆေးဝါးကို မိုးမခပင်၏ အခေါက်မှ သိပ္ပံနည်းကျ ထုတ်လုပ်ဖော်စပ်ထားပြီး မြန်မာပြည်မှာ ၁၈၉၉ ခုနှစ်ကတည်းက    သုံးစွဲလာခဲ့ကြသည်။ ခေါင်းကိုက်၊   ဖျားနာ၊   အဆစ်အမျက်ကိုက်၊ လေးဖက်နာနှင့် အဆစ်ရောင်ခြင်းတို့အတွက် တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ၎င်းဆေးသည် သွေးကျဲစေသော အာနိသင်ရှိ၍ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောပိတ် ရောဂါတို့ အတွက်ကိုလည်း အသုံးပြုကြသည်။ ဗြိတိန်နိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်မှ သုတေသီများ၏ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း ဆန်းစစ်ချက် များအရ အက်စပရင်ဆေးသည် ကင်ဆာဆဲလ်များ ကိုယ်တွင်းအနှံ့ပျံ့နှံ့ကူးစက်မှုကို လျှော့ချပေးနိုင်ကြောင်းနှင့် အက်စပရင် ဆေးသုံးစွဲသည့် ကင်ဆာရောဂါလူနာများသည် ၎င်းဆေးမသုံးသည့်လူနာများနှင့် နှိုင်းယှဉ်ပါက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုနည်းပါးကြောင်း လေ့လာသိရသည်။

သို့သော် အက်စပရင်သည် အက်စစ်အမျိုးအစားဖြစ်၍ အစာအိမ်ကိုထိခိုက်နိုင်သလို သွေးကျဲအာနိသင်ရှိခြင်းကြောင့်လည်း    အသည်းကို ထိခိုက်နိုင်သည်။ ပန်းနာရင်ကျပ်၊ သွေးတိုး၊ ကျောက်ကပ်ရောဂါရှိသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများက ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲသင့်ပါသည်။ အထူးသဖြင့် Aspirin သို့မဟုတ် Ibuprofen အကိုက်အခဲပျောက်ဆေးတို့ကို လိုသည်ထက် ပိုသုံးမိပါက ပြင်းထန်သော အစာချေဖျက်မှုကြောင့် အစာအိမ်ကို ထိခိုက်သွားကာ အစာအိမ်ပြည်တည်ခြင်းအပါအဝင် အစာချေဖျက်မှုပြဿနာများဖြစ်ပေါ်နိုင်သည်။

ကိုဗစ်-၁၉ ရောဂါအတွက် အက်စပရင်က ထိရောက်မှုမရှိ

အက်စပရင်ဆေးသည် ကိုရိုနာဗိုင်းရပ်ရောဂါ၏ အတွေ့ရအများဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်သည့် သွေးခဲများ ပေါ်ထွက်နိုင်ခြေကို လျှော့ချပေးနိုင်သည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်ရောဂါကိုကုသရာတွင် အက်စပရင်ဆေးကို သုံးစွဲနိုင်မည်ဟု ဗြိတိနိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနပညာရှင်များက မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် RECOVERY အမည်ရှိ လက်တွေ့စမ်းသပ်မှုမှ ထွက်ပေါ်လာသော ရလဒ်များအရ အက်စပရင်ဆေးသည် ရောဂါ လက္ခဏာ အလွန်ပြင်းထန်သော ကိုရိုနာဗိုင်းရပ် ရောဂါလူနာများ၏ အသက်ရှင်ခွင့် အလားအလာကို မျှော်လင့်ထားသကဲ့သို့ မြှင့်တင် ပေးနိုင်မှုမရှိကြောင်း ဗြိတိန်သုတေသီများက ပြောကြားသည်။ အက်စပရင်ဆေး တိုက်ကျွေးပြီးနောက် ကိုရိုနာဗိုင်းရပ် ရောဂါလူနာ များ၌ အသက်ရှူစက်အကူအညီ ရယူနိုင်ခြေကျဆင်းလာမှုနှင့်ပတ်သက်၍ သက်သေအထောက်အထားမျိုးလည်း မတွေ့ရကြောင်း သုတေသီများ၏ အဆိုအရသိရသည်။

အကိုက်အခဲပျောက်ဆေးအမျိုးမျိုးနှင့် ဘေးထွက်ဆိုးကျိုး

ပါရာစီတမောကဲ့သို့ပင် အောက်ဖော်ပြပါ အခြားသော အကိုက်အခဲပျောက်ဆေးများလည်းရှိကြသည်။

မီဖယ်နမစ်အက်စစ်ကို  MFA  ဟု အတိုကောက်ခေါ်ပြီး MFA ကို ဆေးဆိုင်တွေမှာ Ponstan, Meftal, Mefenac စသည့် အမည်များဖြင့်   တွေ့ရတတ်သည်။ နာကျင်ကိုက်ခဲပျောက်ဆေး၊ အဖျားကျဆေး၊ ရောဂါတစ်ခုခုကြောင့်ဖြစ်သော အဆစ်ရောင်ခြင်း၊ အရွတ်၊   အကြော၊ ကြွက်သား၊ အရိုးအဆစ်စသည်တို့အတွက် ရောင်ရမ်းကိုက်ခဲပျောက်ဆေး၊ ခေါင်းကိုက်၊  သွားကိုက်၊ ရာသီလာချိန် ကိုက်ခဲခြင်း တို့အတွက် အကိုက်အခဲပျောက်ဆေးအဖြစ် အသုံးဝင်သည်။ ၅၀၀ မီလီဂရမ်ဆေးပြားကို တစ်နေ့သုံးကြိမ်ထက် ပိုမသောက်သင့်ပေ။ ဆေးပြင်းသဖြင့် အစာစားပြီးမှ သောက်ရပါမည်။ သို့သော် အစာအိမ်ရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ ပန်းနာရင် ကျပ်ရှိသူများမသောက်သင့်ပေ။ ဒိုင်ကလိုဖဲနစ်ဆေးကို သောက်ဆေး၊ ထိုးဆေး၊ စအိုတွင်းသွင်းဆေးတောင့် စသည့်ပုံစံ အမျိုးမျိုး တွေ့ရသည်။ လေးဖက်နာ၊  ဂေါက် စသည့်အဆစ်ရောင်ရောဂါများ၊ အရိုးကျီးပေါင်း၊ အရိုးကျိုးနာတို့အတွက်  အသုံးဝင်သည်။ သို့သော် သောက်ဆေးဖြစ်စေ၊ ထည့်ဆေးဖြစ်စေ တစ်ရက်လျှင် ၁၅၀ မီလီဂရမ်ထက်ပို၍မသုံးသင့်ပေ။ အစာအိမ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်ရောဂါရှိသူများ၊ အသက် ၁၂ နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များ မသုံးသင့်ပေ။

Ibuprofen ဆေးအပါအဝင် Celecoxib, Mefenamic Acid, Diclofenac နှင့် Naproxen ဆေးတို့ကို သီတင်းလေးပတ် အထိ အသုံးပြုခြင်းကြောင့် နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့်   အန္တရာယ်မြင့်မားကြောင်း တိုင်ပေသုတေသီများက သတိပေးထားသည်။

ကိုဒင်းအပါအဝင် Opioid အမျိုးအစား အကိုက်အခဲပျောက်ဆေးကို ပုံမှန်သုံးစွဲသည့် အမျိုးသားများသည် ၎င်းဆေးဝါးကို မမှီဝဲသူများထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း သိရသည်။   ဆေးဝါးသုတေသီများ၏ လေ့လာမှုအရ ခါးကိုက်၊ ခါးနာဝေဒနာရှိ သည့် အမျိုးသားပေါင်း အယောက် ၁၀၀၀၀ ခန့်ကို လေ့လာရာမှာ အသက် ၆၀ ကျော် အမျိုးသားများက ငယ်ရွယ်သည့်အမျိုးသားများထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရသည်။

မော်ဖင်းကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို စွဲလမ်းနေသူများသည် ၎င်းဆေးဝါးများကို လုံးဝအသုံးပြုလေ့ မရှိသူများ ထက် လေးနှစ်အတွင်း သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများသည်။ ထို့ပြင် Oxycodone, Hydrocodone, Codeine နှင့်  Fentayl  ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် မော်ဖင်းကဲ့သို့ပင် စွဲလမ်းနိုင်မှုမြင့်မားသော ဆေးဝါးများဖြစ်၍ ၎င်းဆေးဝါးများကို အသုံးပြု လေ့ရှိသူများသည် တရားဝင်ဆေးသုံးစွဲခွင့် မရတော့သည့်အခါ ဟီးရိုးအင်းကဲ့သို့ အခြားအစားထိုး မူးယစ်ဆေးဝါးတစ်မျိုးကို    သုံးစွဲလေ့ရှိတတ်သဖြင့် ဆေးလွန်၍ သေဆုံးမှုနှုန်းမြင့်မားလာနိုင်သည်။

နီကိုတင်းကဲ့သို့သော ဘိန်းမှထုတ်လုပ်သည့် အကိုက်အခဲပျောက်ဆေးများ အသုံးပြုမှုကြောင့် ခန္ဓာကိုယ်၏တုံ့ပြန်မှု နှေးကွေးစေနိုင်၍   ၎င်းဆေးသောက်ပြီးနောက် မော်တော်ယာဉ်မောင်းနှင်မှုကို အထူးရှောင်ရှားသင့်ကြောင်း အမေရိကန်သုတေသီများက သတိပေးထား သည်။

အချုပ်အားဖြင့်ဆိုသော် အကိုက်အခဲပျောက်ဆေး မည်သည့်အမျိုးအစားကိုမဆို လိုအပ်သည့်ပမာဏထက် ပိုအသုံးပြုခြင်းကြောင့်     အသည်းပျက်စီးခြင်း၊ အစာအိမ်နာခြင်း၊ အူသိမ်ရောင်ရမ်းခြင်း၊ အစာရေမျိုလမ်းကြောင်းကို ဒုက္ခပေးခြင်း၊ အူမကြီးလမ်းကြောင်း မမှန်သောရောဂါရရှိခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ ဝမ်းမည်းသွားခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျရောဂါ၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စသည်တို့ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် အသည်းရောဂါရှိသူ၊ အရက်သေစာ သောက်သုံးလေ့ရှိသူများနှင့် အစာလမ်းကြောင်းမှ သွေးယိုထွက်ဖူးသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရာဇဝင်ရှိသူများ၊ ကိုယ်ဝန်ဆောင်များအနေဖြင့် အကိုက်အခဲပျောက်ဆေးအပြင်းများကို အထူးရှောင်ကြဉ်သင့်ပြီး သန့်ရှင်းသော အစားအသောက်များ ရွေးချယ်စားသောက်ခြင်း၊ အသင့်ပြုလုပ်ထားသောကြာရှည်ခံအစားအစာများစားသောက်မှုကို ရှောင်ကြဉ်ခြင်း၊ အဆီများသော သို့မဟုတ် ကျပ်တင်ထားသော အစားအသောက်များ၊ အကင်များ၊ စည်သွတ်ဘူးများ၊ ကော်ဖီမစ်၊ လက်ဖက်ရည်နှင့်   ဂက်စ်ပါသော အချိုရည်များကို  ရှောင်ရှားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။    ။

 

ပေါက်ပေါက်