ကျောင်းသားများ၏ ဆန္ဒပြမှုကိုရပ်တန့်ခိုင်းရန် ထိုင်းအစိုးရက တက္ကသိုလ်အကြီးအကဲများကို သတိပေး

ထိုင်းနိုင်ငံရှိ ကျောင်းသားများ လုပ်ဆောင်နေသော ဘုရင်စနစ်ပြောင်းလဲရေးတောင်းဆို ဆန္ဒပြမှုများကို ရပ်တန့်ခိုင်းရန် တက္ကသိုလ်များမှ အကြီးအကဲများကို အစိုးရကဆင့်ခေါ် သတိပေးကြောင်း သိရသည်။ ထို့ပြင် ထိုတောင်းဆိုမှုများသည် ပဋိပက္ခကိုဖြစ်ပွား စေနိုင်သည်ဟု အစိုးရကသတိပေးထားကြောင်း  အထက်လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်ပရာယုချန်အိုချာကို နုတ်ထွက်ခိုင်းမှုအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်နှင့်ရွေးကောက်ပွဲ ကျင်းပရေးတောင်းဆိုမှုများသည် ဇူလိုင်လလယ်ပိုင်းမှ စတင်၍ နေ့စဉ်နီးပါးဖြစ်ပွားနေခြင်းဖြစ်သည်။ ဆန္ဒပြသူအချို့ကမူ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် တော်ဝင်မိသားစု၏အခွင့်အာဏာကိုထိန်းချုပ်ရေး   အချက် ၁၀ ချက်တောင်းဆိုထားပြီး ထိုလုပ်ဆောင်မှုသည် ထိုင်း၌ကာလရှည်ကြာ တားမြစ်ထားသော ဥပဒေကို ချိုးဖောက်မှုဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၁၉ ရက်တွင် ဘန်ကောက်မြို့အပါအဝင် နိုင်ငံတစ်ဝန်း၌ ကျင်းပရန် စီစဉ်ထားသော ဆန္ဒပြမှုများမတိုင်မီ သက်ဆိုင်ရာပြည်နယ် အုပ်ချုပ်ရေးမှူးများက တက္ကသိုလ်များမှ အကြီးအကဲများကို ဆင့်ခေါ်ကာ ယခုကဲ့သို့ သတိပေးခြင်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဆွန်ချိုင်းဆာဝမ်ကန်းကပြောသည်။ တက္ကသိုလ်အကြီးအကဲများ အနေဖြင့် ဆန္ဒပြမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကျောင်းသားများနှင့် နားလည်မှု ယူသင့်ကြောင်းနှင့် ထိုဆန္ဒပြမှုများကိုရပ်တန့်ခိုင်းသင့်ကြောင်း ၎င်းင်းကဆက်ပြောသည်။

ယခုကိစ္စသည် အထိအခိုက်မခံသော ကိစ္စဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်မှုဆီသို့ဦးတည်သွားနိုင်ကြောင်းနှင့် ၁၉၇၆ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် အစိုးရက ၎င်းအား ဆန့်ကျင် ဆန္ဒပြသူများကို  နှိမ်နင်းသည့် ပုံစံအတိုင်းပြန် ဖြစ်လာနိုင်ကြောင်း ဆွန်ချိုင်းဆာဝမ်ကန်းက ပြောသည်ဟု သိရသည်။

Ref: CNA