ပြည်သူ့အရေးဖြည့်ဆည်းပေး စိတ်အေးချမ်းသာရှိစေမှာ

ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက်သည် နေ့စဉ်နှင့်အမျှ မြင့်တက် လျက်ရှိသည်။ ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်နေသလို လူသားတို့၏ စီးပွားရေး လုပ်ငန်းများသည်လည်း ထင်သလောက်ခရီးမပေါက်သည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ COVID-19 ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံနေကြရသည်။ သည်ကြားထဲတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် တောင်သူလယ်သမားများ၊ ယာသမားများမှာ အခက်အခဲနှင့် ကြုံတွေ့နေရပြန်သည်။ တောင်သူလယ်သမားများနည်းတူ အနုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများသည်လည်း ထိုနည်းလည်းကောင်းဖြစ်ပေသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကူညီ ထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေသည်။ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်ရှိ  သီးနှံစိုက်ပျိုးသူများမှာ ရာသီဥတုအခြေအနေအရ  သီးနှံများပျက်စီးဆုံးရှုံးခဲ့ရပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။ သီးနှံများပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာများမှာ ယာကြီးကုန်း ကျေးရွာအုပ်စုမှ  ခြောက်ရွာ၊ ဆည်တိုကျေးရွာအုပ်စုမှ ရှစ်ရွာ၊ လဲတောကျေးရွာအုပ်စုမှ  နှစ်ရွာ၊ အုပ်ကြီးကျေးရွာအုပ်စုမှ ခုနစ်ရွာ၊ ဒဟတ္တန်းကျေးရွာအုပ်စုမှ လေးရွာတို့ဖြစ်ကြသည်။ ပျက်စီးဆုံးရှုံး သွားသည့် စိုက်ပျိုးဧကပေါင်းမှာ ၁၀၁၀၇ ဧကဖြစ်သည်။

အဆိုပါတောင်သူများ၏ အခက်အခဲများကို အဆင်ပြေစေရန်အတွက် စက်တင်ဘာ ၁၁ ရက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ထောက်ပံ့ပေး ခဲ့သည်။ ရွာပေါင်း ၂၇ ရွာမှ အိမ်ထောင်စု ၃၅၈၉ စု၊ တောင်သူ ၁၄၄၅၄ ဦးတို့အတွက် ဆန် ၂၂၉၈ အိတ်၊ ဆီ ၄၀၄၇ ပိဿာ၊ ဆား ၃၅၄၁ ပိဿာနှင့် ပဲ ၆၀၇၀ ပိဿာတို့ကို ထောက်ပံ့ပေးခဲ့သည်။ တပ်မတော်မှ လှူဒါန်းပေးအပ်မှုကို ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက လက်ခံရယူပြီး တောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဝမ်းသာကြည်နူးဖွယ်ကောင်းသော အလှူတစ်ခု ဖြစ်ပေသည်။

တောင်သူများမှာ ကိုယ်ပိုင်လုပ်ငန်းများ ရှိကြသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့်သာ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုအခက်အခဲကို တပ်မတော်က ကူညီဖြေရှင်းပေး ခဲ့သည်။ ထိုနည်းတူ အခက်အခဲကြုံနေရသူများမှာ သဘင်အစည်းအရုံးဝင်များဖြစ်ကြသည်။ သဘင်အနုပညာရှင်ဆိုသည်မှာ ပြည်သူများ စိတ်ချမ်းသာပျော်ရွှင်ရေးအတွက် ဖျော်ဖြေပေးနေ ရသော လုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြသည်။  ပြည်သူများဘ၀  သာယာစိုပြည်မှ သဘင်သည်တို့ အလုပ်သည်လည်း ကောင်းမွန်မည်ဖြစ်သည်။ COVID-19 ရောဂါကြောင့် ပြည်သူများသွားလာမှု ကန့်သတ်ထားခြင်း၊ လူစုလူဝေးမပြုရခြင်းများ ဖြစ်လာသောအခါ သဘင်ပညာရှင်များသည်လည်း စားဝတ်နေမှုအစုစုအတွက် အခက်ကြုံတွေ့ကြရပြန်သည်။ ထိုအခက်အခဲကို တပ်မတော်က ကူညီပေးရပြန်သည်။

မွန်ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို စက်တင်ဘာ ၁၁ ရက်က လှူဒါန်းပေးခဲ့သည်။ သဘင်အစည်းအရုံးအဖွဲ့ဝင် ၂၄၇၂ ဦးအတွက် ဆန် ၃၉၃ အိတ်၊ ဆီ ၆၉၂ ပိဿာ၊ ဆား ၆၀၅ ပိဿာ၊ ပဲ ၁၀၃၈ ပိဿာတို့ကိုပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာမြို့နယ်အလိုက် သဘင် အစည်းအရုံးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြပြီး မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါလှူဒါန်းခဲ့သည့် အမယ်လေးမျိုးပစ္စည်းများအား မွန်ပြည်နယ်သဘင်အစည်းအရုံးသို့ နယ်မြေခံ တပ်မတော်သား များက တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့်အခြားသော ပညာရှင် အဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံ့မှုပြုခဲ့ပြီးဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ COVID-19 ရောဂါဒဏ်ခံနေရသည့် ကျေးရွာများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ ပေးခဲ့သည်မှာ စက်တင်ဘာ ၁၂ ရက်နေ့အထိ ထောက်ပံ့လှူဒါန်းမှု စုစုပေါင်း ခြောက်ကြိမ်ရှိခဲ့ပြီး မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာများမှ တောင်သူစုစုပေါင်း ၆၈၉၁၂ ဦးသို့ လှူဒါန်းပေးပြီးဖြစ်သည်။ တပ်မတော်၏ ပြည်သူ့အရေးဖြည့်ဆည်းပေးမှုကြောင့် ပြည်သူများ စိတ်အေးချမ်းသာ ရှိနေပါကြောင်း ရေးသားလိုက်ရပေသည်။   ။