နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းဖြစ်ပွားမှုအခြေအနေ

နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းဖြစ်ပွားမှုအခြေအနေ

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလတွင် ရောဂါပိုးတွေ့ရှိမှု များပြားလာခြင်း သို့မဟုတ် လျော့နည်းသွားခြင်းများ ဖြစ်စေသော အချက်များစွာ ရှိပါသည်။ အဆိုပါအချက်များအနက် ကာကွယ်ဆေးများ၏ အာနိသင်ရှိမှုကာလအပိုင်းအခြား၊ လူများ၏ အမူအကျင့် များ၊ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာမူဝါဒများ၊ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ ဗီဇပြောင်းနိုင်မှု၊ ကာကွယ်ဆေးများ ထိုးခြင်းမှသော် လည်းကောင်း၊ ကူးစက်ခံရခြင်းတို့မှသော်လည်းကောင်း ကိုယ်ခံစွမ်းအားမထွက်နိုင်၊ မရရှိနိုင်သည့် လူများရှိနေမှု စသည့်အချက်များ ကြောင့် ကိုဗစ်-၁၉ ရောဂါသည် လှိုင်းအသွင်ဖြစ်ပွားနိုင်ပါသည်။ ဥပမာအားဖြင့်  အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့် ဆောင်းရာသီ ကာလအတွင်း လူစုလူဝေးများပြုလုပ်ခြင်း၊ ခရီးများသွားလာခြင်း စသည်တို့ကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ အလွန်မြင့်မားခဲ့ကာ တတိယလှိုင်း အသွင်ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကိုဗစ်ကာကွယ်ဆေးများပေါ်ထွက်လာပြီးနောက် ထိုးနှံမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် နွေရာသီကာလတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ သိသိသာသာလျော့ကျသွားခဲ့ပါသည်။ သို့သော် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကိုဗစ်-၁၉ မျိုးဗီဇအသစ် ဒယ်တာမျိုးကွဲကူးစက်မှုများဖြစ်ပွားပြီးနောက် စတုတ္ထလှိုင်းအသွင်ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ကိုဗစ်-၁၉ ကန့်သတ်ချက်များ လျော့ရဲလာခြင်းနှင့် ကာကွယ်ဆေးကြောင့် ရရှိသည့် ကိုယ်ခံစွမ်းအားများ လျော့ကျလာခြင်း တို့ကြောင့်လည်း ပါဝင်ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေးများထိုးနှံခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ လက်ဆေး ခြင်းနှင့် ပါးစပ်နှာ ခေါင်းစည်း တပ်ဆင်ခြင်းကဲ့သို့သော ကိုဗစ်-၁၉ ကာကွယ်ရေးအခြေခံစည်းမျဉ်းများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို လျော့ကျစေပါသည်။ ကူးစက်မှုမြင့်မားစေသော နေရာဒေသများမှာ-

(က)      ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းနည်းသောနေရာဒေသများ

(ခ) ပါးစပ်နှာခေါင်းစည်းတပ်ဆင်မှုအားနည်းသော နေရာဒေသများ

(ဂ)       အဆောက်အအုံအတွင်း စုဝေးနေထိုင်စားသောက်မှု၊ ပွဲလမ်းသဘင်ကျင်းပမှု အလေ့အထများသောသူများနေထိုင်သည့် နေရာ ဒေသများ

(ဃ)      အကျဉ်းထောင်များ၊ လူအိုရုံများ၊ လူများစုဝေးနေထိုင်သော နေရာများ၊ စုဝေးလုပ်ကိုင်သော  အလုပ်ဌာနများ စသည်တို့ ဖြစ်သည်။

ဒယ်တာမျိုးကွဲသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေပါသည်။ ၎င်းမျိုးကွဲသည် ကိုဗစ်-၁၉ မျိုးကွဲများအနက် ကူးစက်မှု အမြန်ဆုံးနှင့် အသန်မာဆုံးမျိုးကွဲဖြစ်သောကြောင့်ဖြစ်သည်။ ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ကို ကာကွယ်နိုင်စွမ်းရှိသော်လည်း ကာကွယ်ဆေး၏ ခုခံစွမ်းအားကို ဖြတ်ကျော်ကူးစက်မှုများလည်း ဖြစ်ပွားစေနိုင်ပါသည်။ သို့သော် ကာကွယ်ဆေးများသည် ရောဂါ ပြင်းထန်မှုနှင့် ဆေးရုံတက်ရမှုများ၊ အောက်ဆီဂျင်ရှူရမှုများနှင့် သေဆုံးမှုများကိုမူ ကောင်းစွာခုခံ ကာကွယ်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ကာကွယ်ဆေးများထိုးပြီးနောက် ကူးစက်မှုများရှိနေသည့်တိုင် သေဆုံးနှုန်းနှင့် ဆေးရုံတင်ရနှုန်းများ လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု ပေါ်လစီများပြောင်းလဲခြင်း၊ ကာကွယ်ဆေးများထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းများ ကြားတွင် ကြန့်ကြာမှုအချိန်ကာလတစ်ခုရှိတတ်ပါသည်။ ဆိုလိုသည်မှာ ကာကွယ်ထိန်းချုပ်ရေး ပေါ်လစီတစ်ခုပြောင်းလဲခြင်း သို့မဟုတ် ကာကွယ်ဆေးများ ထိုးနှံမှုတို့၏ အကျိုးသက်ရောက်မှုကို ချက်ချင်းမသိနိုင်ပါ။ ထို့နည်းတူ ဗိုင်းရပ်မျိုးကွဲများ ဖြစ်ပွား ဖို့ရန်မှာလည်း အချိန်ကာလတစ်ခု စောင့်ဆိုင်းရန် လိုအပ်ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာခြင်း သို့မဟုတ် လျော့ကျလာခြင်းတို့ကို ပေါ်လစီတစ်ခုပြောင်းလဲပြီးလျှင်ပြီးချင်း သိနိုင်မည်မဟုတ်ဘဲ  ရက်သတ္တပတ်အနည်းငယ်ကြာမှသာ အကျိုး အာနိသင်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ လူတစ်ဦးမှ နောက်တစ်ဦးသို့ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားပါက ၎င်းကူးစက်ခံရကြောင်းသိရန် အချိန် နှစ်ပတ်ခန့် ကြာမြင့်တတ်ပါသည်။ ထိုသို့ ကူးစက်မှုများ ထပ်ခါထပ်ခါဖြစ်ပွားကာ လူထုအတွင်း ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားပြီး သတိပြုမိလာသည့်အခြေအနေသို့ရောက်ရှိရန်မှာ အချိန်ကာလတစ်ခုကြာမြင့်တတ်ပါသည်။ ထို့ကြောင့် နောက်ထပ် လှိုင်းများ ဖြစ်လာနိုင်မှုကို သိရှိနိုင်ရန်မှာ အချိန်ယူ၍ စောင့်ကြည့်ရန်လိုအပ်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အရှိန်အဟုန်ဖြင့်ထိုးနှံပေးခဲ့သဖြင့် မတ်လအရောက်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ သိသိသာသာလျော့နည်းကျဆင်းလာခဲ့ပါသည်။ သို့နှင့်တိုင် ဇူလိုင်လတွင် ဒယ်တာမျိုးကွဲကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ကိုဗစ်-၁၉ စတုတ္ထလှိုင်းဖြစ်ပွားခဲ့ပါသည်။ အောက်တိုဘာလ အရောက် တွင် ဖြစ်ပွားမှုများ ပြန်လည်လျော့ကျလာပြီး အကြောင်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူဦးရေ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။

ပညာရှင်များ၏ ခန့်မှန်းချက်များအရ ထိုကဲ့သို့သော လှိုင်းအသွင် ဖြစ်ပွားမှုများသည် ကိုဗစ်-၁၉ ကပ်ရောဂါ လျော့ပါးပ ပျောက်သွားသည့်တိုင်အောင် ဖြစ်ပွားနေနိုင်ကြောင်း သိရှိရပါသည်။ ရရှိသည့်အချက်အလက်များအရ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဖြစ်ပွားသည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(Source: Our world in Data)

စတုတ္ထလှိုင်း၏ သဘောသဘာဝကို လေ့လာကြည့်သည့်အခါ နိုင်ငံအများစုတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ ဒေသအလိုက် ဟော့စပေါ့များဖြင့် အစပျိုး၍ဖြစ်ပွားခြင်းကို တွေ့ရှိရသည်။ ရောဂါပြန့်ပွားမှု ကွာဟချက်တွင် အဓိက အားဖြင့် ဖြစ်ပွားသည့် နိုင်ငံ၏ ဆင်းရဲချမ်းသာကွာခြားမှု၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ လူမှုပေါင်းစည်းမှု၊ ကျေးလက်ဒေသ ကျန်းမာရေး အသိပညာနည်းပါးမှုနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများအပေါ် ယုံကြည်မှုတို့အပေါ်တွင် မူတည်နေသည်ကို တွေ့ရှိရပါသည်။

အာဖရိကနိုင်ငံများအတွင်း စတုတ္ထလှိုင်းဖြစ်ပွားမှု၏ အကြောင်းရင်းများကို လေ့လာကြည့်ရာ ကာကွယ်ဆေးထိုးနှံပြီးစီးသူ အရေ အတွက် လွှမ်းခြုံမှုအားဖြင့် နည်းပါးနေသည်ကို တွေ့ရှိရပါသည်။ ပျမ်းမျှအားဖြင့် အာဖရိကနိုင်ငံများတွင် ယနေ့အချိန်ထိ ကာကွယ် ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ ၁ ရာခိုင်နှုန်းသာရှိပါသေးသည်။ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် အယ်လ်ဂျီးရီးယားနှင့် နိုင်ငံအများစုတွင်မူ ဒယ်တာ မျိုးကွဲသစ်ပျံ့နှံ့မှုကြောင့် စတုတ္ထလှိုင်းဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး ကျန်နိုင်ငံအချို့တွင်မူ အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ပေးခြင်း၊ ပွဲလမ်း အခမ်းအနားများကျင်းပခွင့်ပြုခြင်း၊  ပြည်တွင်းခရီးသွားလာခွင့်များ ဖွင့်လှစ်ပေးခြင်း အစရှိသည့် ထိန်းချုပ်ကန့်သတ်မှုများ ဖြေလျှော့ဆောင်ရွက်ချိန်တွင် စတုတ္ထလှိုင်း စတင်ရိုက်ခတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်း ရိုက်ခတ်မှုလျော့ပါးသက်သာစေရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို လူအရေအတွက်များ များဖြင့် အမြန်ဆုံးထိုးနှံပေးနိုင်ရန် အရေးကြီးပါသည်။ ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းမြင့်မားသော နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်းဖြစ်ပွားသော်လည်း ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုရာခိုင်နှုန်းများ လျော့ကျလာသည်ကို တွေ့ရှိ ရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပေါ်တွင်လည်း ဝန်ထုပ်ဝန်ပိုးလျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးများ တတ်နိုင်သမျှ အမြန်ဆုံးထိုးနှံပေးခြင်းနှင့် လူတစ်ဦးချင်းစီက  လိုက်နာရမည့် ကိုဗစ်-၁၉ စည်းကမ်းချက်များကို တိတိကျကျလိုက်နာဆောင်ရွက်စေခြင်းအားဖြင့် ကိုဗစ်-၁၉ စတုတ္ထလှိုင်း၏ ဒဏ်ကိုခံနိုင်ရည်ရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသား ဖော်ပြ လိုက်ရပါသည်။   ။

ကိုဇေ