အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ RCF/ RFI ချေးငွေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြား

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ RCF/ RFI ချေးငွေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြား

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF  ၏ RCF/ RFI ချေးငွေများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ဖြေကြားခဲ့ပါသည်-

မေး။  မင်္ဂလာပါ ဗိုလ်ချုပ်ခင်ဗျာ။ ကျွန်တော်တို့  သတင်းမီဒီယာတွေမှာ ဖော်ပြနေတာ တွေရှိတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMFအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွက် ဒေါ်လာသန်း ၃၇၂ သန်းဟာ  လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ ဖော်ပြနေကြပါတယ်။   ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေနဲ့ ပြန်လည်ရှင်းလင်း ပေးစေလိုပါတယ်ခင်ဗျာ။

ဖြေ။   ပထမဆုံး  ပြောလိုတာကတော့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်၊ IMF တွေရဲ့ ပြောကြားချက်တွေကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါတွေဟာ စိစစ်မှုမရှိဘဲနဲ့ လိုရာဆွဲပြီး ပြောကြားနေတဲ့ ဟာတွေလို့ပဲ ပြောချင်ပါတယ်။  ဒီဟာတွေဟာ သူတို့ရေးသားတဲ့ အထဲမှာ   ကျွန်တော်တို့ ဘာတွေ့ရလဲဆိုတော့   ဒီဟာသည် မြန်မာနိုင်ငံကို အထောက်အပံ့ပေးလိုက်တဲ့ အရာကို   ရေးသားနေတာ တွေ့တယ်။ ပထမဦးဆုံး ပြောကြားလိုတာက ချေးငွေပြန်ဆပ်ရမယ့် ငွေတွေပဲဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMFကနေပြီး မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာလနဲ့ ဆက်စပ်ပြီးတော့   RCF/RFI ချေးငွေပေါ့။  Rapid Credit Facility (RCF) ရယ်၊  Rapid   Financing Instrument (RFI)ရယ်။ အဲ့ချေးငွေတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ရဲ့ ငွေကြေးသုံးစွဲရမယ့် ကိစ္စတွေနဲ့စပ်လျဉ်းပြီး နားလည်မှု သဘောတူညီချက်တွေ လက်မှတ်ရေးထိုး ရယူခဲ့တာဖြစ်ပါတယ်။ အဲ့နေရာမှာ နှစ်ကြိမ်ရှိပါတယ်။ နှစ်ကြိမ်ရှိတဲ့အခါမှာ အစိုးရအနေနဲ့ကတော့ သူ့ရဲ့ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ပထမတစ်ကြိမ်ကတော့ အမေရိကန်ဒေါ်လာ ၃၅၆ သန်း ကို ၁-၇-၂ဝ၂ဝ ရက်နေ့မှာ ဗဟိုဘဏ်မှာရှိတဲ့  အမေရိကန်ဒေါ်လာ စာရင်းမှာ လက်ခံခဲ့ပြီး ရရှိတဲ့ အမေရိကန် ဒေါ်လာနဲ့ညီမျှတဲ့ ကျပ် ၄၉ဝ ဘီလီယံကို ၂-၇-၂ဝ၂ဝ ရက်နေ့မှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ပေးသွင်းခဲ့ပါတယ်။   အခုပြောနေတဲ့ ဒုတိယအကြိမ်ပေါ့၊ အမေရိကန်ဒေါ်လာ ၃၇၂.၃၉၁ သန်းကိုတော့ ၂၈-၁-၂ဝ၂၁ ရက်နေ့မှာ   ဗဟိုဘဏ်ရဲ့ အမေရိကန် ဒေါ်လာစာရင်းမှာ    လက်ခံပြီးတော့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၅ . ၅ဝ ဘီလီယံကို ၂၉-၁-၂ဝ၂၁ ရက်နေ့မှာပဲ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့နိုင်ငံတော်စာရင်းကို ထည့်သွင်းထားပါတယ်။ အဲဒီချေးငွေတွေပေါ့နော်၊   ခုနကပြောတဲ့ RCF  ချေးငွေတွေက ဆိုင်းငံ့ကာလ ၅ နှစ် ခွင့်ပြုပြီးတော့ ချေးငွေသက်တမ်းက ၁ဝ နှစ်ဖြစ်ပါတယ်။   RFI   ချေးငွေကတော့ ဆိုင်းငံ့ကာလ ၃ နှစ်ကျော်ဖြစ်ပြီးတော့ ချေးငွေသက်တမ်းက ၅ နှစ် ဖြစ်ပါတယ်။

ကျွန်တော်ပြောလိုတာ ပြန်လည်ပေးဆပ်ရမယ့် ချေးငွေတွေ   ဖြစ်ပါတယ်ခင်ဗျ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ အကြားမှာ နားလည် သဘောတူညီချက်တွေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးငွေထုတ်ယူခြင်းအပိုင်းကိုသာ  ဆောင်ရွက်ပြီးတော့ ချေးငွေသုံးစွဲမှုများနဲ့ စပ်လျဉ်းပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ခုနကပြောတဲ့  RFI  ချေးငွေဆိုင်ရာ အသုံးစရိတ်တွေနဲ့ စပ်လျဉ်းပြီး  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်ဆေးပြီးစီးမှု အစီရင်ခံစာကို  အများပြည်သူ သိရှိနိုင်ဖို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန website  ဖြစ်တဲ့ www.mopf.gov.mm မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ website  မှာ ဝင်ကြည့်လို့ ရပါတယ်။ အဲ့ website မှာ IMF ရဲ့ ခုနကပြောတဲ့ ချေးငွေနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ COVID-19 Economic Relief Plan (CERP) အတွက် ကျပ်သန်း ၁ဝဝ နှင့် အထက်ဝယ်ယူရေးဆိုင်ရာ သတင်းအချက်အလက်တွေကို (၄)ကြိမ်၊ ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့ အသုံးစရိတ်တွေကို (၃)ကြိမ်နဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး၊ ကုစားရေးတို့နဲ့ဆက်စပ်တဲ့ အသုံးစရိတ်တွေကို အသုံးစရိတ်တွေ၊ လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ စတုတ္ထအကြိမ် ထုတ်ပြန်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလအတွင်းမှာ  သူတို့အသေးစိတ်အနေနဲ့ ထပ်မံထုတ်ပြန်ပါလိမ့်မယ်။ ပြီးရင် ကျွန်တော်တို့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးတော့ နေ့စဉ်အလှူခံရရှိမှုတွေ၊ စာရင်းဖွင့် လက်ကျန်တွေ၊ ဒါတွေကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိတယ်။ နောက်ဆုံး အခြေအနေဆိုရင် ၂၅-၁ဝ-၂ဝ၂၁ ရက်နေ့ကနေ  ၂၉-၁ဝ-၂ဝ၂၁  ရက်နေ့အထိ ကျွန်တော်တို့အနေနဲ့ စာရင်းဖွင့် လက်ကျန်တွေ၊ ရရှိငွေတွေ၊ စာရင်းပိတ် လက်ကျန်တွေ၊ ပြီးရင် ကျွန်တော်တို့ ဆေးဝယ်ယူမှု စရိတ်တွေကို တင်ထားပြီး ဖြစ်ပါတယ်။  ခုနက website  မှာ  သွားရောက်ကြည့်ရှုလို့ ရပါတယ်။  ကိုဗစ်-၁၉  ကာကွယ်ဆေး ဝယ်ယူမှုနဲ့ပတ်သက်ပြီးလည်း  အဲ့ထဲမှာ အသေးစိတ် စာရင်းများရှိပါတယ်။ နောက်ဆုံးစာရင်း အနေနဲ့ကတော့ ၂၉-၁ဝ-၂ဝ၂၁ ရက်နေ့အထိ   ထုတ်ပြန်ခဲ့တဲ့ အထဲမှာ ၂၇-၁ဝ-၂ဝ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီနောက်ဆုံးအရစ် ပေးချေငွေဆိုပြီးတော့ ကျွန်တော်တို့ ချေးထားတဲ့ငွေကြေးပမာဏလည်း   အဲ့မှာပါဝင်ပါတယ်။   ကျွန်တော့်အနေနဲ့ ပြောလိုတာကတော့ အစိုးရတစ်ရပ်အနေနဲ့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဒီဟာတွေကို မလေ့လာဘဲနဲ့ ထုတ်ပြန်တာတွေ၊   သိရှိလျက်သားနဲ့ မသိကျိုးကျွန်ပြုပြီး     ထုတ်ပြန်တာတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခြင်း မရှိဘဲနဲ့ ထုတ်ပြန်တာတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ  တမင်သက်သက်  အနှောင့်အယှက်ဖြစ်အောင်၊ နိုင်ငံတကာအနေနဲ့ တမင်သက်သက် အထင်လွဲအောင် လုပ်ဆောင်နေခြင်းလို့ပဲ မြင်ပါတယ်။

ကျွန်တော်တို့အစိုးရ အနေနဲ့လုပ်ဆောင်ခဲ့တဲ့ ဟာတွေနဲ့၊ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ ဟာတွေပြောပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကတော့နိုင်ငံတော်ရဲ့တာဝန်ကို    ရယူထိန်းသိမ်းခြင်း မပြုမီကတည်းကတိုင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ ပြီးရင် ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ တပ်မတော်သား တစ်ဦးချင်းအနေနဲ့ရော၊ တပ်မတော်အရာရှိကြီးများ အနေနဲ့ရော နိုင်ငံတော်ကနေ ထူထောင်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ကုသရေး ရန်ပုံငွေမှာ အကြိမ်ကြိမ် ထည့်ဝင်ခဲ့ပါတယ်။ သူတို့လစာငွေထဲကနေ အကြိမ်ကြိမ် ထည့်ဝင်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပြောလိုတာက ပြည်သူလူထုပဲဖြစ်ဖြစ်၊ သတင်းမီဒီယာများပဲ ဖြစ်ဖြစ် ဒီသတင်းတွေနဲ့ ပတ်သက်လာပြီးရင် အသေးစိတ်သတင်းများနဲ့ ပတ်သက်လာပြီးရင်  သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့   website တွေမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ကြည့်ရှုနိုင်ပါတယ်။ သွားရောက်ကြည့်ရှုပြီး လေ့လာပြီးမှ လုပ်ဆောင်တာက ပိုပြီးတော့ အကျိုးဖြစ်ထွန်းစေမယ်လို့ ပြောချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဇူလိုင်လအတွင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄ဝ ရာခိုင်နှုန်းကျော်အထိ တွေ့ရှိခဲ့ပါတယ်။ အခု တာဝန်ရှိသူများလည်း ပြောပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ၄ ရာခိုင်နှုန်းအောက်  ရောက်ရှိပြီဖြစ်ပါတယ်။   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊   ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေဟာ ဘယ်လောက်ထိ ထိရောက်ကြောင်းကို လက်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့   ပြည်သူလူထုအနေနဲ့လည်း အစိုးရရဲ့    ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် တွေမှာ ယခင်ကလိုပဲ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်။

ကျေးဇူးတင်ပါတယ်။