ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို တောင်သူများ အဓိကစိုက်ပျိုးလာ

ဈေးကွက်ခိုင်မာမှုရှိသည့် ကြော်အာလူးကို တောင်သူများ အဓိကစိုက်ပျိုးလာ

ကြော်အာလူး(အာလူးကြော်)သည် ရိုးရိုးအာလူး(ဟင်းချက်သည့်အာလူး) ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဈေးကွက်ပိုင်း ပိုမိုခိုင်မာမှုရှိသဖြင့် တောင်သူများ အဓိကစိုက်ပျိုးလာကြကြောင်း မကွေးတိုင်း ဒေသကြီးရှိ အာလူးစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

''အာလူးကို ဧက ၃ဝ စိုက်ပျိုးထားပါတယ်။ အရင်ကတော့ ရိုးရိုးအာလူးရော ကြော်အာလူးပါ နှစ်မျိုးစလုံး စိုက်ပေမယ့် အခုနောက်ပိုင်း ကြော်အာလူးပဲ စိုက်ဖြစ်တော့တယ်။ ကြော်အာလူးက ဈေးလည်းပိုရတယ်။ ရိုးရိုးအာလူးက မျိုးကောင်းမျိုးသန့် ရဖို့အတွက်လည်း တော်တော်လေး ခက်ခဲပါတယ်။    ကြော်အာလူးကျတော့  မျိုးဝယ်ယူဖို့လည်း အဆင်ပြေတယ်။ ဈေးကွက်လည်း     နယ်စုံတင်ပို့လို့ရတယ်။

ဒါကြောင့် ကြော်အာလူးကိုပဲ စိုက်ပျိုးတာပါ''ဟု မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မှ အာလူးစီးပွားဖြစ် စိုက်ပျိုးသူ ဦးကျော်ဇင်ထွန်းကပြောသည်။

ယခင်နှစ်က ကြော်အာလူး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ ဝန်းကျင် ဈေးနှုန်းရရှိနေချိန်တွင် ရိုးရိုးအာလူးမှာ တစ်ပိဿာလျှင်  ငွေကျပ်  ၆ဝဝ  ဝန်းကျင်သာရရှိကြောင်း သိရသည်။

စိုက်ပျိုးထွက်ရှိလာသည့် ကြော်အာလူးများကို မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ အာလူးကြော်ဖိုများသို့ လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ လည်းကောင်း   တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။