စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ စက်ပျက်မျောပါနေသော အိန္ဒိယငါးဖမ်းလှေငယ် တစ်စီးအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ စက်ပျက်မျောပါနေသော အိန္ဒိယငါးဖမ်းလှေငယ် တစ်စီးအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၊ စက်တင်ဘာ - ၁၄
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့ အနောက်ဘက် ရေမိုင် ၁၈ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်၌ စက်ပျက်၍ မျောပါနေသော အိန္ဒိယနိုင်ငံအလံလွှင့်ထူထားသည့် အလျား ၇၀ ပေ၊ အနံ ၁၅ ပေ၊ ရေစူး ၄ ပေခန့်ရှိ SRI JAI GANESH အမည်ပါ ငါးဖမ်းလှေငယ် ၁ စီးအားတွေ့ရှိသဖြင့် သွားရောက်စစ် ဆေးရာ အဆိုပါလှေပေါ်မှ အိန္ဒိယနိုင်ငံသား ၉ ဦးကို တွေ့ရှိခဲ့ပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    
အဆိုပါ ငါးဖမ်းလှေစက်ပျက်မျောပါရောက်ရှိမှု အခြေအနေအား အိန္ဒိယနိုင်ငံ၊ ချန်နိုင်းရှာဖွေကယ်ဆယ်ရေးစင်တာနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Prashanth Mohanan  ထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။