ကိုဗစ်-၁၉ ကြောင့်အခက်မပွေရအောင် ကြိုတင်ကာကွယ်ပါ တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဟာ သာမန်အအေးမိတာနဲ့မတူပါဘူး။ တချို့အခြေအနေတွေက မပြင်းထန် ပေမယ့် တချို့ကတော့ ပြင်းထန်ပြီး အသက်သေဆုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် ခံစားရတဲ့ လက္ခဏာတွေက ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊   နှာခေါင်းပိတ်ခြင်း၊ ကြွက်သား သို့မဟုတ် ခန္ဓာကိုယ်နာကျင် ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်းတို့ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဖြစ်သူတိုင်း ဒီရောဂါလက္ခဏာအားလုံး မဟုတ်တောင် တချို့တလေကို ခံစားကြရပါတယ်။ တချို့တွေမှာတော့ အန်ခြင်းနဲ့ဝမ်းသွားခြင်းပါဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့အဲဒီလိုမျိုးက ကလေးငယ်တွေမှာသာ အဖြစ်များတာပါ။

အပေါ်မှာဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေအားလုံးနီးပါးဟာ ယနေ့ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ရင်လည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့်သာမန်တုပ်ကွေး ရောဂါဆိုရင် အကြောင်းမဟုတ်ပေမယ့် ကိုဗစ်-၁၉ ရောဂါဆိုရင်တော့ ကူးစက်မှုမြန်ဆန် ပြင်းထန်တာကြောင့် ဆရာဝန်တွေခေါင်းခဲရပါတယ်။ တုပ်ကွေးရောဂါကူးစက် ခံရနိုင်ခြေ အရှိဆုံး လူတွေက သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစား နေရသူတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ ရှိသူတွေကလည်း ဒီလူတွေပါပဲ။ တုပ်ကွေးရောဂါဟာ အေးမြစိုစွတ်တဲ့ရာသီဥတုမှာ ပိုမို ဖြစ်ပွားလေ့ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကလည်း အလားတူ ရာသီဥတုမှာ ပိုမိုရှင်သန်နိုင်လေ့ရှိပါတယ်။

ဒီအချိန်မှာ လူတွေဟာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူလည်းရှိမယ်။ တုပ်ကွေးရောဂါဖြစ်တဲ့ သူလည်းရှိမယ်။ ရောဂါနှစ်ခု စလုံးဖြစ်တဲ့သူလည်း ရှိလာနိုင်ပါတယ်။ ယနေ့အချိန်မှာ   ကိုဗစ်-၁၉   ရောဂါအတွက်  ကာကွယ်ဆေးမရှိသေးပေမယ့် တုပ်ကွေးရောဂါအတွက်  ကာကွယ်ဆေး အများအပြားထွက်ပေါ်နေပါပြီ။ တစ်နည်းဆိုရရင် တုပ်ကွေးရောဂါဆိုတာ ကာကွယ်ဆေးထိုးပြီးတားနိုင်တဲ့ရောဂါဖြစ်သွားပါပြီ။ ဒါကြောင့် ကမ္ဘာတစ်လွှားမှာ ဒီနှစ် အတွက် တုပ်ကွေးကာကွယ်ဆေးထိုး အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေး မထိုးလိုက်ရလို့ နိုင်ငံထဲမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တုပ်ကွေး ရောဂါတို့ ကပ်ရောဂါကြီးတစ်ခုလို တစ်ချိန်တည်းဖြစ်ပြီဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတစ်ခုလုံး ကသောင်းကနင်းဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် တချို့နိုင်ငံတွေကတော့ တုပ်ကွေးရောဂါကာကွယ်ဆေးထိုး အစီအစဉ်တွေကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းမှာ ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့မြောက်ခြမ်းမှာရှိတဲ့ နိုင်ငံတွေအတွက် တုပ်ကွေးရာသီဟာ မကြာခင်ကျရောက်တော့ မှာပါ။ ပျမ်းမျှအားဖြင့်ဆိုရင် ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအထိလို့သတ်မှတ်ထားပါတယ်။ ဂျပန်နိုင်ငံကတော့ တုပ်ကွေးရောဂါ ကာကွယ်ဆေး ၃၁ ဒသမ ၂ သန်းအထိ ပြင်ဆင်ထား ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ကထက်  ၇  ရာခိုင်နှုန်းမြင့်တက်လာပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပြည်သူတွေအနေနဲ့   တုပ်ကွေးရောဂါလက္ခဏာတွေစတင်ခံစားရပြီဆိုရင် သတ်မှတ်ထားတဲ့ အရေးပေါ် ဖုန်းနံပါတ် တွေကိုခေါ်ဖို့နဲ့ ပြီးမှသာ စမ်းသပ်မှုခံယူဖို့အတွက် ဆေးရုံကိုသွားဖို့ လမ်းညွှန်ထားပါတယ်။ ဒါဟာ ဆေးရုံတွေမှာလူတွေပြုံတိုးပြီး ကိုဗစ်-၁၉  ရောဂါကူးစက်ခံရနိုင်ခြေကို တစ်ဖက်က လျှော့ချပေးနိုင်မှာပါ။

အာရှဒေသမှာ နှစ်စဉ်တုပ်ကွေးရောဂါကူးစက်ခံရသူ အရေအတွက်ကို အတိအကျမသိရ ပေမယ့်လည်း ဂျပန်နိုင်ငံမှာတော့ ၂၀၁၈-၂၀၁၉  ရာသီမှာ တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၂ သန်းခန့်ရှိပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာလည်း ဒီနှစ်အတွက်  တုပ်ကွေးရောဂါကာကွယ် ဆေး အလုံးပေါင်း သန်း ၃၀ ဝယ်ယူထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုဝယ်ယူတာပါ။ နိုင်ငံရဲ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ ၁၉ သန်းဝန်းကျင်ဟာ တုပ်ကွေးရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံခွင့်ရပါမယ်။ ပြီးခဲ့တဲ့ရာသီမှာတောင်မှ ပြည်သူ ၁၃ ဒသမ ၈ သန်းကိုသာ တုပ်ကွေးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့တာပါ။ ဒါ့အပြင် ဒီနှစ်မှာ ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ့် အသက်အရွယ် အပိုင်းအခြားကိုလည်း တိုးမြှင့် ထားပါသေးတယ်။ သက်ငယ်ပိုင်းတွေဆိုရင် အသက်ခြောက်လမှသည် ၁၈ နှစ်အထိ၊ သက်ကြီးပိုင်းဆိုရင် အသက် ၆၁ နှစ်အထက်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုပါ ကာကွယ် ဆေးထိုးပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် ပုံမှန်အားဖြင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို အခမဲ့ ထိုးပေးခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်တွေကထက် တုပ်ကွေး ရောဂါကာကွယ်ဆေးထိုးနှံမှု ၅၀ ရာခိုင်နှုန်းပို မိုမြင့်တက်လာနိုင်ပါတယ်။ မြောက်အမေရိကနဲ့  ဥရောပဒေသတို့ကလည်း အာရှဒေသရဲ့ တုပ်ကွေးရောဂါကာကွယ်ဆေး အစီအစဉ်အတိုင်း လိုက်ပါ လုပ်ဆောင်တာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ဆေးဝါး ထုတ်လုပ်ရေး စက်ရုံတွေက တုပ်ကွေးကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀၀ အထိထုတ်လုပ်ပေးဖို့    မျှော်လင့်ထားပါတယ်။ ဒါဟာ ပုံမှန်ထုတ်လုပ်မှုထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်ရှိကာလမှာ နိုင်ငံအများအပြားဟာ ဒုတိယအကျော့ သို့မဟုတ် တတိယအကျော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ   အခုလိုတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကိုအဆောတလျင် ဆောင်ရွက်ခြင်းဟာ ပြည်သူများရဲ့ ကျန်းမာရေးအတွက်သာမက နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက်ပါ  ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။