အမေရိကန်အနောက်ပိုင်း ကမ်းရိုးတန်း၌ တောမီးလောင်မှုကြောင့် ဆုံးရှုံးမှု အလွန်တရာ ကြီးမားနိုင်

အမေရိကန်နိုင်ငံ အနောက်ပိုင်းကမ်းရိုးတန်း၌ ဖြစ်ပွားနေသော တောမီးလောင်မှုကြောင့် ဆုံးရှုံးမှု အလွန်တရာကြီးမားနိုင်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်တွင် ပြောသည်။ လေလမ်းကြောင်းပြောင်းလဲမှုက တောမီးလောင်မှုကိုပိုဆိုးစေပြီး   မြေယာဧက အများအပြားကို လောင်ကျွမ်းနိုင်သည့်အတွက် အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနှင့် ဝါရှင်တန် ပြည်နယ်တို့မှ တာဝန်ရှိသူများက တောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။

တောမီးလောင်မှုမှာ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် မီးသတ် သမားများအနေဖြင့် ခြေကုန်လက်ပန်းကျနေစဉ် စက်တင်ဘာ ၁၃ ရက်တွင် လေပြင်း တိုက်ခတ်မှုက မီးသတ်သမားများအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တောမီးလောင်မှုကြောင့် သစ်တောမြေဧက ငါးသိန်းနီးပါး ဆုံးရှုံးပြီး   နေရာဒေသအများအပြား၌ ကမ္ဘာ့အဆိုးဆုံးလေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေလျက်ရှိသည်။

ပြီးခဲ့သည့်  သီတင်းပတ်တစ်ပတ်တည်းမှာပင် တောမီးကြောင့် သေဆုံးသူ ၂၄ ဦးရှိပြီး လူထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များ ဆုံးရှုံးသွားပြီဖြစ်ကြောင်း အထက် လွှတ်တော်အမတ်တစ်ဦးက ပြောသည်။ ပူပြင်း ခြောက်သွေ့သော ရာသီဥတုက မီးလောင်မှုကို ပိုမိုဖြစ်ပေါ်စေကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့်လည်း တောမီးလောင်မှုကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေကြောင်း ရူပဗေဒပညာရှင်နှင့် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်  ဖိလစ်ဒက်ဖီကပြောသည်ဟုသိရသည်။

Ref: NY Times