ဖိလစ်ပိုင်အစိုးရ၏ တစ်ဦးနှင့်တစ်ဦး ၁ ပေအကွာသာနေရန် ထုတ်ပြန်မှု အလွန်အန္တရာယ်များ

ဖိလစ်ပိုင်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ အရေအတွက် စံချိန်တင်စဉ် အများပိုင်သယ်ယူပို့ဆောင်ရေး ယာဉ်များအပေါ်၌ တစ်ဦးနှင့် တစ်ဦး ၁ ပေအကွာသာနေရန် အစိုးရ၏ ထုတ်ပြန်မှုက အလွန်အန္တရာယ်များကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာ ၁၄ ရက်တွင် သတိပေးထားသည်။ အများပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များ အပေါ်၌ တစ်ဦးနှင့်တစ်ဦးကြား ရှိရမည့် အကွာအဝေးကို စက်တင်ဘာ ၁၄ ရက်တွင်၂ ပေခွဲ၊ စက်တင်ဘာ ၂၈ ရက်တွင် ၁ ပေခွဲနှင့် အောက်တိုဘာ ၁၂ ရက်တွင် ၁ ပေအထိလျှော့ချသွားရန် ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗိုင်းရပ်ကူးစက်မှုများပြား မြင့်တက်နေချိန်၌ ယခုကဲ့သို့သော ထုတ်ပြန်ချက်သည် ဆင်ခြင်ဉာဏ်မဲ့ရာရောက်ကြောင်း၊ အကယ်၍ လူတစ်ဦးက မျက်နှာကာနှင့် နှာခေါင်းစည်း တပ်ထားသည့်တိုင် တစ်ဦးနှင့်တစ်ဦးကြား အလွန် နီးကပ်စွာ ရှိနေပါက ဗိုင်းရပ်ကူးစက် နိုင်ခြေအလွန်မြင့်ကြောင်း၊ နိုင်ငံတကာက လက်ခံထားသည့် တစ်ဦးနှင့်တစ်ဦးကြား ရှိရမည့် စံနှုန်းသတ်မှတ်ချက်မှာ ၃ ပေ သို့မဟုတ် ၆ ပေဖြစ်ကြောင်း  ဖိလစ်ပိုင်ဆရာဝန်ကောလိပ်မှ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအန်သိုနီလီချွန်ကပြောသည်။

ဗိုင်းရပ်ကူးစက်မှုကြောင့် စက်တင်ဘာ ၁၄ ရက်တွင် သေဆုံးသူ ၂၅၉ ဦးရှိပြီး ထိုပမာဏသည်  သုံးရက်အတွင်း သေဆုံးသူအများဆုံး ဒုတိယအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဖိလစ်ပိုင်၌ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ အယောက် ၄၆၃၀ အထိမြင့်တက်လာပြီး  ဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက်မှာ ပြီးခဲ့သည့် ၃၅ ရက်အတွင်း နှစ်ဆတိုးလာကာ ၂၆၅၈၈၈ ဦးရှိလာသည့်အတွက် ထိုနိုင်ငံက အရှေ့တောင်အာရှ၌ ဗိုင်းရပ်ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာသည်။

Ref: The Straits Times