အင်အားကြီးနိုင်ငံတွေကို ရိုက်ခတ်သွားစေမယ့် တရုတ်တို့ရဲ့ ဂြိုဟ်တုဖျက် လက်နက်ဆန်း

အင်အားကြီးနိုင်ငံတွေကို ရိုက်ခတ်သွားစေမယ့် တရုတ်တို့ရဲ့ ဂြိုဟ်တုဖျက် လက်နက်ဆန်း

အင်အားကြီး နိုင်ငံတွေကတော့ နယ်ပယ်ပေါင်းစုံမှာ   တကယ့်ကို အပြိုင်အဆိုင် ကြဲနေကြပါပြီ။ နည်းပညာတွေ တိုးတက် လာတာနဲ့အမျှ    အာကာသထဲအထိ ခြေဆန့်ဖို့အတွက် စဉ်းစားလာကြတယ်။

စဉ်းစားကြတဲ့အတိုင်းပဲ အာကာသထဲအထိ ခြေဆန့်နိုင်ချိန်မှာ အာကာသကိုပါလွှမ်းမိုးဖို့ လုပ်ဆောင်လာကြတယ်။ ဒီလို လွှမ်းမိုးနိုင်ဖို့အတွက် လက်နက်ကိရိယာ အသစ်အဆန်းတွေကို တီထွင်လာကြတယ်။

အခုလည်း  ကမ္ဘာ့မဟာ အင်အားကြီး နိုင်ငံအဖြစ်ကို   တက်လှမ်းလာပြီဖြစ်တဲ့ တရုတ်နိုင်ငံမှ  သိပ္ပံပညာရှင်များက အာကာသထဲမှာရှိတဲ့   ဂြိုဟ်တုတွေကို ဖျက်ဆီးနိုင်မယ့် လက်နက်အသစ်အဆန်း တစ်မျိုးကို တီထွင်နေပါပြီ။

သူတို့တီထွင်နေတဲ့ လက်နက်က ဝုန်းခနဲ ဒိုင်းခနဲပေါက်ကွဲသွားစေမယ့် လက်နက်မျိုး မဟုတ်ပါဘူး။ ဂြိုဟ်တုဖျက်လက်နက် ဖြစ်တဲ့အတွက် လေဆာလက်နက် ဒါမှမဟုတ်    ဒုံးကျည်တစ်ခုခုဖြစ်မယ်လို့ လူအများစုက ထင်ကြမှာပါ။

တကယ်တမ်းမှာတော့   ဂြိုဟ်တုကို တမြည့်မြည့်နဲ့ ပျက်စီးသွားစေနိုင်တဲ့ လက်နက်ဆန်းတစ်မျိုးဖြစ်ပါတယ်။ တရုတ်သိပ္ပံ ပညာရှင်တွေ ဖန်တီးစမ်းသပ်ထားတဲ့ အဲဒီလက်နက်စနစ်က ဖောက်ခွဲရေးပစ္စည်းတွေ ပါတဲ့အထုပ်ငယ်တစ်ထုပ်ကို   ဂြိုဟ်တုရဲ့အိပ်ဇောနော်ဇယ်ပေါက်ထဲ ထည့်နိုင်တဲ့ လက်နက်စနစ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် ရုတ်ခြည်းပေါက်ကွဲမှု ဖြစ်သွားစေတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်စေတာမျိုး ဖြစ်တယ်လို့   ဟူနန်ကာကွယ်ရေး စက်မှုလုပ်ငန်းမှပါမောက္ခ ဆွန်ယန်ကျောင်းနဲ့အဖွဲ့က ပြောပါတယ်။

အဲဒီဖောက်ခွဲရေး ပစ္စည်းတွေက ဂြိုဟ်တုရဲ့ အိပ်ဇောနော်ဇယ်ပေါက်ထဲမှာ အချိန် အတိုင်းအတာတစ်ခုအထိ    လှုပ်ရှားသက်ဝင်မှုမရှိဘဲ နေနိုင်ပါသေးတယ်။

တကယ်လို့များ     အဲဒီဂြိုဟ်တုကို မဖျက်ဆီးလိုတော့ဘူး ဆိုရင်လည်း အိပ်ဇောပေါက်ထဲ ရောက်နေတဲ့ ဖောက်ခွဲရေးပစ္စည်း တွေက ပစ်မှတ်ဆီကနေ ပြန်လည်ထွက်ခွာ လာနိုင်ဦးမှာပါ။

ဒီလိုဂြိုဟ်တုဖျက်လက်နက် ဖြစ်ပေါ်လာစေဖို့အတွက် စီမံကိန်းကိုတော့ အစိုးရက ထောက်ပံ့ပေးထားတာဖြစ်ပြီး စီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က   ဒုံးကျည်တွေအတွက် ထိပ်ဖူးအမျိုးအစားအသစ်တွေ ထွက်ပေါ်လာစေဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံက  ၂ဝ၁၇ ခုနှစ်တုန်းက ဂြိုဟ်တုဖျက်လက်နက် တစ်မျိုးကို စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက သက်တမ်းကုန်နေပြီဖြစ်တဲ့ မိုးလေဝသဂြိုဟ်တု တစ်စင်းကို မြေပြင်ကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီး ဖျက်ဆီးခဲ့တာပါ။

အဲဒီလိုလုပ်တဲ့အတွက် ပျက်စီးသွားတဲ့ ဂြိုဟ်တုရဲ့အပိုင်းအစတွေက တခြားသော အဖိုးတန်ဂြိုဟ်တုတွေနဲ့ အာကာသယာဉ်မှူးတွေအပေါ် အနှောင့်အယှက်ဖြစ်စေရုံသာမက သူတို့ကိုပါ ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ်ရဲ့ စမ်းသပ်မှုကို အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ဒီလိုအပြစ်တင်ဝေဖန်မှုတွေ ခံလိုက်ရတဲ့ တရုတ်နိုင်ငံဟာ  ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ ဂြိုဟ်တုဖျက်နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။

သူတို့အနေနဲ့ အဓိကထား ဆောင်ရွက်တာကတော့ သူတို့ဖျက်ဆီးလိုက်တဲ့ ဂြိုဟ်တုကနေ အပျက်အစီး အပိုင်းအစတွေ မထွက်ရှိစေဖို့  ဒါမှမဟုတ် အနည်းငယ်ပဲ ထွက်ရှိစေဖို့ပါ။

အဲဒီနည်းလမ်းတွေထဲမှာ    ဂြိုဟ်တုတစ်စင်းကို ပိုက်ကွန်နဲ့ဖမ်းခြင်းနဲ့ စက်ရုပ် လက်တံတွေ အသုံးပြုပြီး ဖမ်းခြင်းတို့လည်း ပါဝင်တာကို တွေ့ရပါတယ်။

ဒါ့အပြင်   တရုတ်စစ်ဘက်ကလည်း မြေပြင်အခြေပြု လက်နက်စနစ် အမျိုးမျိုးကို စမ်းသပ်ခဲ့ပါသေးတယ်။ အဲဒီလက်နက် စနစ်တွေထဲမှာ ဖြတ်သန်းသွားလာနေတဲ့ဂြိုဟ်တုကို   အစွမ်းမဲ့စေဖို့ ဒါမှမဟုတ် ပျက်စီးစေဖို့အတွက် လေဆာလက်နက်ကို အသုံးပြုတဲ့ လုပ်ဆောင်မှုလည်း ပါဝင်ပါတယ်။

သို့သော်လည်း   ဒီနည်းလမ်းတွေကို အသုံးပြုခြင်းက   ရန်သူအနေနဲ့ အလွယ်တကူရှာဖွေထောက်လှမ်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင် လာနိုင်တာကြောင့် စစ်ဘက်က သိပ်တော့ အကြိုက်မတွေ့ပါဘူး။

ဒါကြောင့်ပဲ   ဂြိုဟ်တုအစိတ်အပိုင်း တစ်ခုရဲ့အတွင်းပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ထားရှိမယ့်   ပါမောက္ခဆွန်ယန် ကျောင်းနဲ့ အဖွဲ့ရဲ့ ဂြိုဟ်တုဖျက်နည်းလမ်း ထွက်ပေါ်လာရတာပါ။

အဲဒီဖောက်ခွဲရေး ပစ္စည်းတွေကိုတော့ အလေးချိန်  ၃ ဒသမ ၅ ကီလိုဂရမ်သာ ရှိတဲ့ ကျည်ဆန်ထိပ်ဖူး ပုံစံအရာဝတ္ထုထဲ မှာထည့်သွင်းထားမှာပါ။  ဒါ့အပြင် ဂြိုဟ်တုအများစုကို စွမ်းအင်ပေးတဲ့   ဒီလာဗဲနော်ဇယ်ရဲ့ပုံစံကို တုပထားပါတယ်။

ဒီလာဗဲနော်ဇယ် ဆိုတာကတော့ အလယ်ပိုင်းမှာ လမ်းကျဉ်းလေးဖြစ်နေတဲ့ ပိုက်တစ်ချောင်းပုံစံဖြစ်ပြီး အဲဒီလမ်းကျဉ်းလေးက ဓာတ်ငွေ့ကို   တည်ငြိမ်စွမ်းအင် အဖြစ်ပြောင်းလဲပေးပါတယ်။

ဒီလိုနော်ဇယ်ကိုတီထွင်သူက ဆွီဒင်အင်ဂျင်နီယာ  ဂက်စတက်ဒီလာဗဲဖြစ်ပြီး ၁၉ ရာစုနှစ်မှာ တီထွင်ခဲ့တာဖြစ်ပေမယ့် သူ့ရဲ့တီထွင်မှုကိုတော့ ယနေ့အချိန်အထိ အဆင့်မြင့်ဂြိုဟ်တုများမှာပါ ထည့်သွင်း အသုံးပြုနေရဆဲဖြစ်ပါတယ်။

ပါမောက္ခဆွန်ယန်ကျောင်းနဲ့ အဖွဲ့ဟာ ဒီလို အသုံးပြုနေရမှုရဲ့ အားနည်းချက်ကိုပဲ အခွင့်ကောင်းယူပြီး ဂြိုဟ်တုဖျက်လက်နက်ကို တီထွင်ထားတာပါ။

သူတို့ရဲ့လက်နက်စနစ် အလုပ်လုပ်ပုံက လွန်စွာရိုးရှင်းပါတယ်။ အရင်ဆုံးဖောက်ခွဲရေး ပစ္စည်းပါတဲ့ အရာဝတ္ထုကို တုတ်ချောင်းအသုံးပြုကာ နော်ဇယ်ရဲ့ လမ်းကျဉ်းနေရာလေးကိုဖြတ်ပြီး  အထဲထိုးထည့်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အဲဒီအရာဝတ္ထုက နော်ဇယ်ရဲ့ အတွင်းပိုင်းထဲကနေ  ဘယ်မှမရွေ့ဘဲ အထိုင်ကျအောင်    ကိုယ်တိုင်ဖန်တီး ယူပါတယ်။

အဝေးကနေ အဲဒီအရာဝတ္ထုရဲ့ စနက်တံကို အစပျိုးစေလိုက်တဲ့အခါ  နော်ဇယ်အတွင်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ဂြိုဟ်တုရဲ့ အင်ဂျင်က ကောင်းစွာ မလည်ပတ်နိုင်တော့ပါဘူး။

ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ အပူကလည်း တည်ငြိမ်စွမ်းအင်အဖြစ် တစ်စိတ်တစ်ပိုင်း ပြောင်းလဲပြီး ဂြိုဟ်တုရဲ့ အတွင်းပိုင်းကို ပျက်စီးစေပါတယ်။ ထူးဆန်းတာက ဂြိုဟ်တုရဲ့အပြင်ပိုင်းဟာ အကောင်းပကတိအတိုင်း ဆက်လက်တည်ရှိနေတာပါပဲ။ ပါမောက္ခဆွန်ယန်ကျောင်းနဲ့အဖွဲ့က ရွေးချယ်အသုံးပြုတဲ့ ဖောက်ခွဲရေးပစ္စည်းက    ဒုံးပျံရဲ့ အဆင့်ဆင့်တွေခွဲထွက်ဖို့  အာကာသအစီအစဉ်က အသုံးပြုတဲ့ပစ္စည်းမျိုး ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

တရုတ်နိုင်ငံက ဂြိုဟ်တုတွေကို ဖမ်းယူမယ့် နည်းပညာကိုလည်း   ဖန်တီးထားပါတယ်။ အဲဒီနည်းပညာက   နိုင်ငံတကာ သဘောတူစာချုပ်တွေအရ ကန့်သတ်ခံရခြင်း မရှိပါဘူး။

အကြောင်းရင်းကတော့   ဂြိုဟ်တုကို ပြန်လည်ပြင်ဆင်ဖို့၊  လောင်စာထပ်ဖြည့်ဖို့နဲ့ အာကာသ အမှိုက်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဒီလိုဖမ်းယူတဲ့ နည်းပညာကို အသုံးပြုကြလို့ပါပဲ။

တရုတ်နိုင်ငံက     နည်းပညာမြင့် လက်နက်စနစ်တွေ  ဖန်တီးလိုက်တိုင်း စိုးရိမ်ရပါတယ်ဆိုပြီး အမြဲတစေပြောပြောနေတဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံပါ။

တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုဖျက် လက်နက် စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ   ယခင်ကတည်းကလည်းပြောထားဖူးပါတယ်။

အဲဒီအချိန်တုန်းကတော့ အမေရိကန်တို့ စိုးရိမ်တာက စက်ရုပ်လက်တံတွေပါတဲ့ ရှီကျန်း-၁၇ ဂြိုဟ်တုပါ။ တရုတ်နိုင်ငံက အဲဒီဂြိုဟ်တုကို ၂ဝ၁၆ ခုနှစ်ကတည်းက လွှတ်တင်ခဲ့တာဖြစ်ပြီး သမားရိုးကျမဟုတ်တဲ့  လှုပ်ရှားသွားလာမှု လုပ်ငန်းတွေကို စမ်းသပ်ဆောင်ရွက် ထားနိုင်ပါတယ်။

အမေရိကန်အာကာသ စစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီးဂျိမ်းဒစ်ကင်ဆန်က ရှီကျန်း- ၁၇ ရဲ့နည်းပညာဟာ နောင်အနာဂတ်မှာ တခြားဂြိုဟ်တုတွေကို   ဆွဲယူဖို့အတွက် အသုံးပြုနိုင်တဲ့ လက်နက်တစ်မျိုး ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ အာကာသနဲ့ အာကာသတိုက်ခိုက်ရေး စနစ်တွေကနေ တစ်ဆင့်    အာကာသအတွင်း အင်အား ကြီးထွားမှုအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း  ပြောထားပါသေးတယ်။ ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ထွက်ပေါ်လာတဲ့    တရုတ်ရဲ့အသံထက် အလွန်မြန် နည်းပညာ အစီအစဉ်ကလည်း အာကာသအတွင်း  လက်နက်အပြိုင် တပ်ဆင်မှု ဆောင်ရွက်ချက်တွေကို ပိုမိုမြင့်တက် လာစေပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံကတော့ သူတို့ရဲ့ စစ်ရေးမဟာဗျူဟာက ခံစစ်ကိုသာ ဦးစားပေး ပြင်ဆင်ခြင်းဖြစ်ပြီး     ဘယ်နိုင်ငံနဲ့မှ လက်နက်အပြိုင် တပ်ဆင်မှုကို သူတို့ဘက်က စတင်မှာမဟုတ်ဘူးလို့  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောထားပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ အခုထွက်ပေါ်လာတဲ့ တရုတ်စစ်ဘက်ရဲ့ ဂြိုဟ်တုဖျက် လက်နက်ဆန်းနည်းပညာ အသစ်က တခြားအင်အားကြီးနိုင်ငံတွေရဲ့ အာကာသ အစီအစဉ်တွေအပေါ် ရိုက်ခတ်သွားစေတာကတော့ အမှန်ပဲဖြစ်ကြောင်းပါ ခင်ဗျာ။