အသွားအလာကန့်သတ်မှုများကြောင့် ဟောင်ကောင်၌ရှားပါးလင်းပိုင်များကိုပြန်တွေ့ရ

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှုများကြောင့် ရှားပါး အင်ဒို-ပစိဖိတ် လင်းပိုင်များကို ဟောင်ကောင်အနီးတွင် ပြန်တွေ့ရကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ တရုတ် လင်းပိုင်ဖြူနှင့် ပန်းရောင်လင်းပိုင်များဟု လူသိများသည့် အဆိုပါနို့တိုက်သတ္တဝါများကို ဟောင်ကောင်ရှိ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ၌ ပြန်တွေ့ရခြင်းဖြစ်ကြောင်း စိန့်အန်ဒရူးတက္ကသိုလ်မှ အဏ္ဏဝါသိပ္ပံပညာရှင် လင်ဆေးပေါ်တာက ပြောသည်။

အဆိုပါ မြစ်ဝကျွန်းပေါ်ဒေသသည် ဟောင်ကောင်နှင့်မကာအိုကြား ကူးတို့များသွားလာသည့် လမ်းကြောင်းဖြစ်လာချိန်တွင် လင်းပိုင်များက ထိုနေရာ၌ မနေတော့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ကူးတို့များအသွားအလာ ရပ်နားထားသည့် မတ်လမှစ၍ ခုန်ပျံဆော့ကစားနေသည့် လင်းပိုင်အရေအတွက် ၃၀ ရာခိုင်နှုန်းကျော်ကို ပြန်တွေ့ရခြင်းဖြစ်သည်။ ထိုသို့လင်းပိုင်များကို ပြန်တွေ့ရမှုကြောင့် သိပ္ပံပညာရှင်များအနေဖြင့် လင်းပိုင်တို့၏သဘာဝကို အနီးကပ်လေ့လာနိုင်မည့် ရှားပါး အခွင့်အရေးကို ရရှိကြောင်း လင်ဆေးပေါ်တာကပြောသည်။ ပုလဲမြစ်ဝကျွန်းပေါ်ဒေသ၌ အဆိုပါလင်းပိုင်အကောင်ရေ ၂၀၀၀ ခန့်နေထိုင်ကျက်စားသည်ဟု   သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

Ref: TST