မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေဝင်ရောက်မှုများ ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့် ပြည်သူများအား စားသောက် ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၅

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းရှိ ကွန်ကရစ်တံတားသည် နွားသတ်ချောင်းရေတိုက်စားပြီး ပျက်စီးခဲ့သည်။ ထို့ပြင် ပိန်းဇလုတ်- ထော်ဝိရွာ အကြား ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ်၊ ၉၈/၄ နှင့် ၉၈/၅ အကြား တံတားအမှတ် ၁၃၆ ဘေးနှစ်ဘက်၌ ရထားလမ်း အောက်ခြေ မြေသား ၂၅ပေခန့် ရေတိုက်စားမှုကြောင့် ရထားလမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သက်ဆိုင်ရာတပ်နယ်များမှ တပ်မတော် သားများက သွားရောက်၍ တံတားများပြန်လည်ပြုပြင် ပေးခြင်း၊ မြန်မာ့မီးရထားမှ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ ရေတိုက်စားပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် တံတားများအား ပြန်လည်ပြုပြင်ခြင်းနှင့် မြေဖို့ခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပိန်းဇလုတ်မြို့ ပြည်သူ့ဆေးရုံနှင့် အုတ်တွင်းမြို့ ပြည်သူ့ဆေးရုံများ အတွင်းသို့ ဝင်ရောက်ခဲ့သည့် ရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် ညောင်လေးပင်တပ်နယ် နှင့် အုတ်တွင်းတပ်နယ်မှ တပ်မတော် သားများက ဆေးရုံများအတွင်း တင်ကျန်ခဲ့သည့် အမှိုက် များနှင့် နုံးမြေများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင် များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပိန်းဇလုပ်မြို့၊ ရေလယ်ဘုန်းတော်ကြီးကျောင်း၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် ရေဘေးသင့် အိမ်ထောင်စု ၁၃၁စုမှ လူဦးရေ ၃၇၂ဦးတို့ကို သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေး အပ်သည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရေလယ် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တပါဝရအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

၎င်းအပြင် ပန်းတောင်းမြို့၊ စည်သာရပ်ကွက်၊ အောင်မြေ ဘုံစံကျောင်း ရေဘေး ရှောင်စခန်းရှိ ရေဘေးသင့် ပြည်သူများ၊ ကြခတ်ရပ်ကွက်၊ ဘွန်လိုရပ်ကွက်၊ သာစည်ရပ်ကွက်နှင့် ဖောင်းကန်ရပ်ကွက်နှင့် တောင်ဘွေကျေးရွာ တို့ရှိ ရေဘေးသင့်ပြည်သူများအား ပန်းတောင်း တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများကို  ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။