သက်စွန့်ကူညီ သမားဂုဏ်ရည်

ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်း စသည်ဖြင့် အမည်နာမများ မည်သို့ပင်ကွဲပြားစေကာမူ တူညီသော ဦးတည်ချက်မှာ အားလုံးသည် လူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို သယ်ပိုးရွက်ဆောင်နေသူများ ဖြစ်ကြပါသည်။ သူတို့သည် စေတနာ၊ ဝါသနာ၊ အနစ်နာမှသည် မေတ္တာစိတ်ထားပြည့်ဝသော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသည်။ လူနာမှန်သမျှတွင် စွဲကပ်နေသော ရောဂါပျောက်ကင်းရေးကို ရှေးရှု လုပ်ဆောင်သူများဖြစ်၍ အကြင်နာစိတ်ပြည့်ဝသူများလည်းဖြစ်ပေသည်။ ရခိုင်ပြည်နယ်၌ COVID-19 ရောဂါပျံ့နှံ့မှု စိုးရိမ်လာရသည့် အခြေအနေတွင် မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ ကိုလည်းကောင်း ချီးကျူးဂုဏ်ယူမဆုံးပါ။

ကူးစက်မြန်သည့်ရောဂါဖြစ်ပွားနေသူကို ဆေးကုသပေးရသောအလုပ်သည် အမှန်တကယ်တော့ မိမိအသက်ကို ပဓာနမထားဘဲ လုပ်ဆောင်ရခြင်းဖြစ်သည်။ တော်သင့်ရုံစိတ်ထားမျိုးဖြင့် ဆောင်ရွက်၍ ရနိုင်သည်မဟုတ်ပါ။ တပ်မတော်သည် ပြည်သူလူထုအတွက်ဖြစ်ပေရာ ပြည်သူများ ယခုကဲ့သို့ COVID-19 ရောဂါကြောင့် စိတ်သောကကြုံနေစဉ်  တပ်မတော်သည်   အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပေသည်။

လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ အဋ္ဌမအကြိမ်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ ဖောင်ကြီးသို့ထွက်ခွာသွားခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု များပြားလာသည့်အတွက် ပြည်သူများတွင် စိုးရိမ်ထိတ်လန့်စိတ်များ မြင့်တက်လာနေသည်။ သွားလာမှု ထိန်းချုပ်ကန့်သတ်ခြင်းနှင့်အတူ သွားလာသည့်အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊  တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာရှိကြရန်၊ အထူးသဖြင့် လက်ဆေးကြရန် စသော အခြေခံအချက်များကို လိုက်နာကြရန် အသိပေးထားသော်လည်း လိုက်နာမှုအားနည်းခြင်း၊ ဖြစ်လာနိုင်သည့်ရောဂါကို ပေါ့ဆကာ တွက်ထားမိခြင်းကြောင့် ဆေးရုံတက်ကုသခံရသည့် လူနာဦးရေမြင့်တက်လျက်ရှိသည်။ လူနာများပြားလာသောအခါ  ဆေးကုသပေးမည့်ပညာရှင်များလည်း  များစွာလိုအပ်လာသည်။ ထိုအခြေအနေကို တပ်မတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါကုသရေး(ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးအဖွဲ့များ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်မှ စတင်တာဝန်ထမ်းဆောင်စေခဲ့သည်။ တာဝန်ထမ်းဆောင်စေသည်ဆိုသော စကားထက် ဆေးတပ်ဖွဲ့ဝင်များမှာ မိမိတို့ကိုယ်တိုင် ဆန္ဒပြု တာဝန်ထမ်းဆောင်ကြခြင်းသာဖြစ်သည်။ မေ ၉ ရက်တွင် ဒုတိယအကြိမ်၊ မေ ၃၀ ရက်တွင် တတိယအကြိမ်၊  ဇွန် ၂၀ ရက်တွင် စတုတ္ထအကြိမ်၊ ဇူလိုင် ၁၁ ရက်တွင် ပဥ္စမအကြိမ်၊ သြဂုတ် ၁ ရက်တွင် ဆဋ္ဌမအကြိမ်၊ သြဂုတ် ၂၂ ရက်တွင် သတ္တမအကြိမ်အဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ကြသည်။

ယခုအခါ  အဋ္ဌမအကြိမ်အဖြစ်  ရောဂါဝေဒနာခံစားနေရသောပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် အတွက် သွားရောက်ကြခြင်းဖြစ်ပါသည်။ အဆိုပါဆေးဝန်ထမ်းအဖွဲ့တွင် မေ့ဆေးပါရဂူ နှစ်ဦး၊ ဓာတ်မှန်ပါရဂူတစ်ဦး၊ ရောဂါဗေဒပါရဂူတစ်ဦး၊ ဆေးကုသမှုပါရဂူနှစ်ဦး၊ ဆေးမှူးဆရာဝန်ခြောက်ဦး၊ သူနာပြုအရာရှိ ၁၆ ဦး၊ အထက်တန်းသူနာပြုခုနစ်ဦး၊ ဓာတ်ခွဲကျွမ်းကျင် နှစ်ဦးနှင့် ဓာတ်မှန် ကျွမ်းကျင် သုံးဦး စုစုပေါင်း ၄၀ ဦးပါဝင်သည်။ လှည်းကူးမြို့နယ်ရှိ   COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ အထူးကုဆေးရုံ ဝေဘာဂီနှင့်ကုသရေး ဆေးရုံများ၌ COVID-19 ရောဂါ Quarantine ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ ရောဂါပိုး တွေ့သူများ တိုးပွားလာသဖြင့် ကျန်းမာရေးဝန်ထမ်းများ မလုံလောက်ခြင်းကြောင့် အသစ်ထပ်မံ ဖွင့်လှစ်ထားသော ရောဂါကုသရေးဌာနဖြစ်သည်။

တပ်မတော်သားတစ်ဦးဖြစ်လာလျှင် သစ္စာလေးချက်ကို ရင်မှာစွဲလျက် ပြုမူနေထိုင်ကြရသည်။ နေ့စဉ်နေ့တိုင်း ဆောင်ရွက်မှုတိုင်းသည် ပြည်သူလူထုအတွက်သာဖြစ်သည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ ဆိုသည့်အတိုင်း အစစအရာရာတွင် အသက်ပေးဆောင်ရွက်ကြရသည်။ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ သည်လည်း မိမိတို့၏အသက်ကိုမငဲ့ကွက်ဘဲ ပြည်သူလူထုအကျိုး စီးပွားအတွက် ဆောင်ရွက်လျက် ရှိပါသည်။  ရောဂါကူးစက်မှု ပြင်းထန်နေသည့်တိုင် လူနာများ အသက်ရှင်သန်ရေးသည်သာ ပဓာနဖြစ်သည်။ မိမိအသက်ကိုငဲ့ကွက်နေမည် မဟုတ်သည့်အတွက် သက်စွန့်ကူညီ သမားဂုဏ်ရည် ကို လေးစားလျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။    ။