စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်းရာသီတွင် နေကြာဧက သုံးသိန်းကျော် စိုက်ပျိုးရန် လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်းရာသီတွင် နေကြာဧက သုံးသိန်းကျော် စိုက်ပျိုးရန် လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်းရာသီတွင် နေကြာဧက သုံးသိန်းကျော် စိုက်ပျိုး ရန်လျာထားကြောင်း    တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် စစ်ကိုင်းခရိုင်၌ ၆ဝ၁၃၂ ဧက၊ ယင်းမာပင်ခရိုင်၌ ၇၉၆၉၉ ဧက၊ ရွှေဘိုခရိုင်၌ ၂ဝဝ၄၃ ဧက၊ ကန့်ဘလူခရိုင်၌ ဧက ၄၅၂ဝ၊ ကသာခရိုင်၌ ၄၅၉၈၇ ဧက၊  ကလေးခရိုင်၌ ၆၇၉၈၅ ဧက၊ တမူးခရိုင်၌ ဧက ၂၇ဝဝ၊ မော်လိုက်ခရိုင်၌ ၇၁၇၁ ဧက၊ ခန္တီးခရိုင်၌ ဧက ၄၇ဝ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌  ၄၇ ဧက၊ မုံရွာခရိုင်၌ ဧက ၂၉၁၄ဝ စုစုပေါင်း ၃၁၇၈၉၄ ဧက စိုက်ပျိုးရန် လျာထားခြင်း ဖြစ်သည်။

''နေကြာကို ဆောင်းရာသီမှာ အဓိကထား စိုက်တာများတယ်။ မိုးရာသီကျတော့ စိုက်တာနည်းတယ်။ မိုးရာသီက မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေမှာ နေကြာ ဧက ၃၅ဝဝဝ ကျော်  စိုက်ထားတယ်။ ဆောင်းရာသီကျမှ စိုက်ဧကတွေ များလာ မှာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီး မှူး ဦးအောင်ကြည်ဝင်း ကပြောသည်။

လက်ရှိတွင် နေကြာစိုက်တောင်သူများကို နေကြာအထွက်နှုန်း ကောင်းမွန်စေရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး အတွက်  သက်ဆိုင်ရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ   ဝန်ထမ်းများက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

နေကြာတစ်ဧက စိုက်ပျိုးလျှင် ကုန်ကျ စရိတ်   ငွေကျပ်  နှစ်သိန်းခွဲဝန်းကျင်ရှိပြီး တစ်ဧက အထွက်နှုန်းမှာ  တင်း ၃ဝ ခန့် ထွက်ရှိကြောင်း   နေကြာစိုက်တောင်သူ များ၏ ပြောပြချက်အရ သိရသည်။