စားသုံးရန်မသင့် ဖမ်းဆီးရမိထားသော စားသောက်ကုန်နှင့် ဆေးဝါးများ မီးရှို့ဖျက်ဆီး

စားသုံးရန်မသင့် ဖမ်းဆီးရမိထားသော စားသောက်ကုန်နှင့် ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့နယ်တွင် စားသုံးရန် မသင့် ဖမ်းဆီးရမိထားသော စားသောက်ကုန်နှင့် ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ဝ ရက် နံနက်ပိုင်းတွင်  လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်းဆွေ   (ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ခံ)၊မြို့နယ်အကောက်ခွန်    ဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်း၊ ဦးစီးအရာရှိ ဦးဝင်းလှိုင်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘဝင်း၊ ပြည်နယ်စားသုံးသူရေးရာ    ဦးစီးဌာန(လားရှိုး)မှ     ဒုတိယပြည်နယ် ဦးစီးမှူး ဦးဇော်မင်းသန်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါမီးရှို့ဖျက်ဆီးသည့် ဖမ်းဆီးရမိ ပစ္စည်းများမှာ တရုတ်နိုင်ငံမှ  ဈေးကွက်အတွင်းသို့  FDA ထောက်ခံချက် မပါသည့် အများပြည်သူစားသုံးရန်   မသင့်သော တရုတ်စာတန်းပါ ကွမ်းသီးပေါင်း၊ နို့အချိုရည်၊ အချိုရည်၊ ပဲပေါင်းဘူး၊ တရုတ်တိုင်းရင်းဆေး၊ ထိုးဆေး၊ ဆေးအရည်၊ စားဆေးများနှင့် စားသောက်ကုန်များ စသည့် အမျိုးအစားပေါင်း ၁၃ မျိုးဖြစ်ပြီး ကာလတန်ဖိုးငွေကျပ်  ၄၃၂   သိန်းကျော်ဖြစ်ကြောင်း သိရသည်။