ကန့်ဘလူခရိုင်အတွင်း GAP  အသိအမှတ်ပြု လက်မှတ်ရ သရက်ခြံ ၂၇ ခြံရှိလာ

ကန့်ဘလူခရိုင်အတွင်း GAP  အသိအမှတ်ပြု လက်မှတ်ရ သရက်ခြံ ၂၇ ခြံရှိလာ

ရာသီဥတု ပြောင်းလဲလာမှုကြောင့် ယာသီးနှံစိုက်တောင်သူများ သီးနှံပျက်စီးခြင်း၊ ဝင်ငွေနည်းပါးခြင်းတို့ကို ကုစားရန်အတွက်    စစ်ကိုင်းတိုင်းဒေသကြီး   ကန့်ဘလူခရိုင် အတွင်း  သရက်စိုက်ပျိုးမှု များလာရာ စိုက် ဧက ၃ဝဝဝ ကျော်ရှိပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)  အသိအမှတ်ပြု လက်မှတ်ရ သရက်ခြံ ၂၇ ခြံရှိ ကြောင်း ကန့်ဘလူဥယျာဉ်ခြံ (သရက်ဧက ၁ဝဝ) တာဝန်ခံ ဦးသန်းထွန်းဦး၏ ပြောဆို ချက်အရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်  ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်း ပညာဌာနခွဲ လက်အောက်ရှိ   ကန့်ဘလူ ဥယျာဉ်ခြံ  (သရက်ဧက ၁ဝဝ)  ဌာနကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ ကန့်ဘလူ မြို့၌ ဖွင့်လှစ်ခဲ့သည်။

ကန့်ဘလူဥယျာဉ်ခြံသည် သရက်မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်၍ ဒေသ တွင်း တောင်သူများကို ဖြန့်ဖြူးပေးလျက်ရှိပြီး  အရည်အသွေးကောင်း  သရက် စိုက်ပျိုး ထုတ်လုပ်သည့် နည်းစနစ်များဖြစ်သော ကိုင်းကူးပျိုးပင် စိုက်ပျိုးခြင်း၊ အပင်ငယ်များကို နည်းစနစ်တကျ ပုံသွင်းပြုပြင်ပေးခြင်း၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေ သြဇာများကို  အပင်သက်တမ်းအလိုက် စနစ်တကျကျွေးခြင်း၊   ပိုးမွှားရောဂါများ ကာကွယ်ခြင်း၊    ရေစနစ်တကျ ပေးသွင်း ခြင်း၊    သရက်သီးများ အိတ်စွပ်ပေးခြင်း၊ အသီးခူးပြီးချိန်တွင် အသီးများကို ရေဆေးခြင်း၊ အအေးခံခြင်း၊ စနစ်တကျထုပ်ပိုး၍ ဈေးကွက်သို့ ပို့ဆောင်ခြင်း၊  အသီးခူးပြီး အပင်များအား ကိုင်းဖြတ်ပြုပြင်ပေးခြင်း စသည့် နည်းစနစ်များကို    သရက်စိုက် တောင်သူများထံ ရောက်ရှိစေရန်    နည်း ပညာပေး သရုပ်ပြပွဲများ၊    မီဒီယာများမှ တစ်ဆင့်   အသိပညာပေး ဟောပြောခြင်းများ   ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။