ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်နေမှုများအား အကြမ်းဖက်သမားများက နှောင့်ယှက်တိုက်ခိုက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်နေမှုများအား အကြမ်းဖက်သမားများက နှောင့်ယှက်တိုက်ခိုက်

နေပြည်တော်၊ နိုဝင်ဘာလ ၁၂

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်း နှောင့်ယှက်လျက်ရှိသည်။    

ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ အဝင်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးအတွက် တားဆီးစစ်ဆေးခြင်းများ ဆောင်ရွက်နေသည့် ဒင်္ဂါးချောင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အနီးလမ်းဘေး၌ အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးသည် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထို့အတူ မင်းတပ်မြို့ရှိ ပြည်သူများအနက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံထားရသူ ၆၃ ဦး အား အနောက်ရပ်ကွက်ရှိ မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ ၈ ခန်းတွဲ ၂ ထပ်  ဆောင်နှင့် ၄ ခန်းတွဲ ၂ ထပ်ဆောင်တို့၌ ထားရှိကာ စောင့်ကြပ်ကြည့်ရှု့ကုသမှုပေးလျက် ရှိရာ အဆိုပါအဆောင်များအား နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် CDF အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအဆောင်များတွင် တပ်ဆင်ထားသည့် ရေပိုက်များ၊ ပြတင်းတံခါးမှန်များနှင့် အဆောက်အဦ နံရံတို့၌ ကျည်ထိမှန်ပျက်စီးခဲ့သဖြင့် ပိုးတွေ့ လူနာ ၆၃ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်ရှိ မြို့မနှစ်ချင်းဘုရား ကျောင်းဝင်းအတွင်းရှိ သီးသန့်ဆောင်သို့ ရွှေ့ပြောင်းကာ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ထားရသူများအား ကုသပေးလျက်ရှိသည့် ကုသရေးစင်တာများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။