ငါးပုစွန်ရေထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် စက်ရုံ ၁ဝဝ ကျော်မှ ထုတ်လုပ်လျက်ရှိ

ငါးပုစွန်ရေထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် စက်ရုံ ၁ဝဝ ကျော်မှ ထုတ်လုပ်လျက်ရှိ

ပြည်တွင်း၌ ငါး၊ ပုစွန်ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် စက်ရုံ ၁ဝဝ ကျော်မှ ထုတ်လုပ်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၁၂၄ ရုံရှိပြီး ရန်ကုန်မြို့၌ ၇၅ ရုံရှိကြောင်း၊ ယင်းစက်ရုံများ၌ ရေထွက် ကုန်များထုပ်ပိုးပြုပြင်ပြီး ပြည်ပတင်ပို့သည့်

အတွက်  နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီရန် လိုက်နာရမည့် Guidelines ကို ငါးလုပ်ငန်းဦးစီးဌာနမှ လေးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် စစ်ဆေးကြောင်း သိရသည်။''ပြည်တွင်းမှာ ငါး၊ ပုစွန် ပြုပြင်ထုတ်လုပ်တဲ့စက်ရုံ ၁၂၄ ရုံရှိပါတယ်။  ရန်ကုန် မြို့မှာ ၇၅ ရုံရှိပါတယ်။ အဲဒီစက်ရုံတွေမှာ  ကောင်းမွန်သော ထုတ်လုပ်မှုစနစ်(GMP)) ကို   လိုက်နာကျင့်သုံးရမယ်။   အဲဒီထက် နည်းနည်းမြင့်သွားရင်    SSAP    ဆိုတဲ့ Guidelines  ရှိတယ်။ အာဆီယံမှာလည်း  အာဆီယံ Guidelines နဲ့ အနောက်နိုင်ငံနဲ့ အရှေ့နိုင်ငံတွေမှာလည်း Guidelines  ရှိတယ်။ ပြီးတော့မှ ISO 9001ဆိုတဲ့ စက်ရုံတွေလည်းရှိတယ်။ အဲဒီစက်ရုံအားလုံးကို ငါးလုပ်ငန်းဦးစီးဌာနက သွားရောက် စစ်ဆေးရတယ်''ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ပင်လယ်ပြင်မှ ငါး၊ ပုစွန် များကို ဖမ်းဆီးခြင်း၊ မြစ်ချောင်းအင်းအိုင် များမှ ဖမ်းဆီးခြင်းနှင့် ကန်များ၌  ရေချို ငါး၊ ပုစွန်များမွေးမြူကြရာ ဖမ်းဆီးရမိ သည့်ငါး၊ ပုစွန်များကို သယ်ဆောင်ရာတွင် ငါးချဆိပ်ကမ်းများ၌လည်း   နိုင်ငံတကာ ကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ   သယ်ဆောင်သည့်အပြင် ပြုပြင်ထုတ်လုပ်သည့်စက်ရုံ၌လည်း နိုင်ငံ တကာစံချိန်စံညွှန်းများနှင့် အညီ ထုပ်ပိုးရန် ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ဆေးကြောင်း သိရသည်။

''ရန်ကုန်မှာဆိုရင် စက်ရုံ ၇၅ ရုံကို သတ်မှတ်ထားတဲ့ အဖွဲ့က   ခြောက်လတစ်ကြိမ်  ဒါမှမဟုတ် လေးလတစ်ကြိမ် စက်ရုံတွေမှာ  သန့်ရှင်းမှု ရှိ၊ မရှိ စစ်ဆေးတယ်။ အစားအသောက်တွေပြုပြင်ထိန်းသိမ်းတဲ့အခါ ဝန်ထမ်းတွေ ဝတ်စုံ၊ နှာခေါင်းစည်း၊ လက်အိတ်ဝတ်ရတယ်။ သန့်စင်ခန်းသန့်ရှင်းမှုက အစ  Guidelines နဲ့အညီ လုပ်ဆောင်လား ဆိုတာကို    ငါးလုပ်ငန်း ဦးစီးဌာနက  စစ်ဆေးရတယ်။  နောက်ပြီး စက်ရုံက တင်ပို့တဲ့နိုင်ငံရဲ့ Guidelines ကို စစ်ဆေးရတယ်။ နောက်ပြီး  အဲဒီစက်ရုံတွေမှာ ပြုပြင်ထုတ်လုပ်ပြီးသား ထုတ်ကုန်တွေကို ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစစ်ဆေးပါတယ်''ဟု ၎င်းကပြောသည်။